My Native Town
တောင်းပန်လွှာ
ဘာလိုလိုနဲ့ ဒီယင်းမာပင်ဘလော့လေးကို March 2007 ကတည်းက စတင်ရေးသားလာခဲ့တာ အခုဆိုရင် (၂)နှစ်ကျော် ရှိသွားပါပြီ။ ယင်းမာပင်မြို့လေးအကြောင်း အပါအဝင် ကျွန်တော်တို့မြို့နယ် ပတ်ဝန်းကျင်က ထင်ရှားကျော်ကြားတဲ့ နေရာလေးများ ကိုလည်း တတ်နိုင်သလောက် စုဆောင်းမှတ်တမ်းတင် နိုင်ခဲ့ပါတယ်။ http://www.wikimyanmar.org (မြန်မာဝီကီ) မှာလည်း ဒီဘလော့ လေးမှာ ရေးသားထားတာလေးတွေကို ကိုးကားရေးသားနိုင်ခဲ့ပါတယ်။ အများအားဖြင့် သမိုင်းနောက်ခံ အကြောင်းအရာများနဲ့ နောက်ပိုင်းပြောင်းလဲလာတာလေးလောက်ကိုပဲ တင်ပြရေးသားနိုင်ခဲ့ပြီး ပုံမှန် သတင်းများကိုမူ ရေးသားနိုင်ခဲ့ခြင်း မရှိသလောက် နည်းခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် ကျေနပ်ပါတယ်၊ အတိုင်းအတာတစ်ခုထိ မှတ်တမ်းတင်နိုင်ခဲ့တယ်လို့လည်း ယူဆမိပါတယ်။
နောက်... ယင်းမာပင်မြို့ရဲ့ ဂုဏ်ဆောင် "စိမ်းန်းစ်င်" စာကြည့်တိုက်လေးအတွက်လည်း အလှူငွေများကို လက်ခံရရှိခဲ့ပါ တယ်။ အလှူငွေများကို ပေးပို့လှူဒါန်းခဲ့ကြသော အစ်မ မသက်ဇင် နဲ့ အစ်ကို ကိုမိုးစံ တို့ကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း ထပ်မံပြောကြားချင်ပါတယ်။ ယင်းမာပင်မြို့မှ "စိမ်းန်းစ်င်" စာကြည့်တိုက်လေးအတွက် လှုပ်ရှားကြိုးပမ်းနေတဲ့ အန်တီ ကြည်ကြည်မာ ကိုလည်း အရင်လို ဆက်လက်ကူညီ ဆောင်ရွက်ပေးနိုင်ရန် မတတ်သာတော့သောကြောင့် စိတ်မကောင်းခြင်း များစွာဖြင့် အထူးတောင်းပန်အပ်ပါတယ်...
ဒီ ယင်းမာပင်ဘလော့လေးကို ဆက်လက်ရေးသားနေချင်ပေမယ့်လည်း အခွင့်မသင့်တော့တာကြောင့် ဆက်လက်ရေးသားရန် ကျွန်တော့်အတွက် ခက်ခဲ့သွားပြီးဖြစ်ကြောင်း ပြောကြားရင်း လာရောက်ဖတ်ရှုကြသူအားလုံးကိုလည်း တောင်းပန်အပ်ပါတယ်။ ပိုစ့် အတင်ကျဲသွားတာလည်း ဖြစ်နိုင်သလို လုံးဝရပ်သွားတာလည်း ဖြစ်နိုင်ပါတယ်၊ ဘာပဲဖြစ်ဖြစ် ဒီဘလော့လေးကို လာရောက်ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ ကျွန်တော် ဘယ်သူလဲ မေးကြသူများအတွက် ယင်းမာပင်မြို့လေး မှာ မွေးဖွားကြီးပြင်းလာတဲ့ လူတစ်ယောက်လို့သာ ပြောပါရစေ...၊ ကဗျာရေးသားရခြင်းကို ရူးသွပ်ပြီး စိုးလှိုက်ဦး (ယင်းမာပင်) ဟူသော ကလောင်နာမည်ဖြင့် ကဗျာများ ရေးသားလေ့ရှိပါတယ်။ ကျွန်တော့် အီးမေးလ်ကတော့ soul88ster@gmail.com ဖြစ်ပြီး၊ လောလောဆယ်... ယင်းမာပင်မြို့ကလေးရဲ့ အဝေးမှာ ရောက်ရှိနေပါတယ်....
လာရောက်ဖတ်ရှုကြသူ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။
With deepest respects,
Ðaywalker( စိုးလှိုက်ဦး )
Labels: ,
| | Comments | links to this post
ရွာခြေအရောက် ပြန်ရမယ်
၁။
အမ မရှိတော့တဲ့ ဇာတိရွာ
မရောက်တာ ကြာလေတော့
အဖေက ပြောရှာတယ်...
“တစ်နှစ် တစ်ခါ လာနေကျ
မလာပုံ ဆတော့
သူ့အမ မရှိတော့လို့ နေမှာပေါ့” တဲ့။
၂။
ခုအခါ
အဖေပါ မရှိလေတော့
နှမတွေက ပြောရှာတယ်...
“တစ်နှစ် တစ်ခါ လာနေကျ
အမရော၊ အဖေပါ မရှိလေတော့
အခါနွေ
ရွာခြေမှ ရောက်ပါဦးမလားတဲ့” တဲ့။
၃။
အဖေ၊ အမ
မရှိကြလဲ
အဖေ၊ အမတို့ ခေါင်းချတဲ့ရွာ
တပေါင်းလအခါ
ထနောင်းက မဖြာ့တဖြာ
ဝါကြွေ ဖျောက်ဖျောက်
ခါလေနှောင့်ရင်
ရွာခြေအရောက် ပြန်ရမယ်...။
+ မောင်လင်းကြည် +
Via:“ချင်းတွင်းမဂ္ဂဇင်း” (အမှတ် ၄၀၊ ဇူလိုင်လ၊၂၀၀၉)
Labels:
| | Comments | links to this post
ဒေါက်တာ ထွန်းမြင့်
Dr.Tun Myint
ဒေါက်တာထွန်းမြင့်ကို အထက်မြန်မာပြည် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ အန်တော်ကျေးရွာ၌ တောင်သူလယ်သမား မိဘနှစ်ပါးဖြစ်ကြသော ဦးခင်မောင်နဲ့ ဒေါ်ဖွားကြီး တို့မှ ၁၉၇၀ ခုနှစ်တွင် ဖွားမြင်ခဲ့ပါသည်။ ညီအစ်ကိုမောင်နှမ ငါးယောက်ရှိပြီး ကျန်ညီအစ်ကိုမောင်နှမများ အားလုံးမှာ မြန်မာနိုင်ငံအတွင်းတွင်ပင် နေထိုင်လျက် ရှိကြပါတယ်။ ဒေါက်တာထွန်းမြင့်သည် နှစ်တန်းနှစ်ထိ ရွာဘုန်းကြီးကျောင်းမှာ ပညာသင်ကြားခဲ့ပြီး သုံးတန်းနဲ့ လေးတန်းနှစ်များကို ရွာရှိ မူလတန်းကျောင်းသို့ ပြောင်းရွှေ့ပညာသင်ကြားခဲ့သည်။ မူလတန်း အောင်မြင်ပြီးနောက် ပညာဆက်လက်သင်ကြားရန်အတွက် ရန်ကုန်သို့ မိဘများက စေလွှတ်ခဲ့ကြသည်။ ရန်ကုန်ရှိ သူ့အစ်ကိုအကြီးဆုံး၏ မိသားစုနှင့်အတူနေထိုင်ရင်း အလယ်တန်းနှင့် အထက်တန်းများကို အ.ထ.က(၂) အလုံမြို့နယ်တွင် ၁၉၈၈ ခုနှစ်ထိ ဆက်လက်တက်ရောက် ပညာသင်ကြားခဲ့သည်။
၁၉၈၈ဒီမိုကရေစီအရေး လူထုလှုပ်ရှားမှုများတွင် ကျောင်းသားခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင်ခဲ့ပြီး စစ်အစိုးရမှ အာဏာကို ထိန်းသိမ်းလိုက်ရာ ဒေါက်တာထွန်းမြင့်သည် မြန်မာပြည်မှ ထွက်ခွာခဲ့သည်။ ထို့နောက် ထိုင်းနိုင်ငံတွင် ဒုက္ခသည်အဖြစ် မခိုလှုံရ သေးခင်အချိန်ထိ ထိုင်း-မြန်မာ နယ်စပ်တွင် ကျောင်းသားစစ်သည်တော်တာဝန်ကို ၁၉၈၈ နိုဝင်ဘာလမှ၁၉၉၀ ဇူလိုင်လထိ ထမ်းဆောင်ခဲ့သည်။ အဲဒီနောက်မှာတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ခိုလှုံနေထိုင်ရင်း ပြည်ထောင်စု သတင်းအေဂျင်စီ (United States Information Agency) ၏ မြန်မာ နိုင်ငံရေးခိုလှုံသူများ ပညာသင်ဆု(Burmese Refugee Scholarship program)တွင် ရွေးချယ်ခံရပြီး အမေရိကန်နိုင်ငံတွင် သူ၏ပညာရေးကို ဆက်လက်သင်ကြားခွင့်ရခဲ့သည်။
ဒေါက်တာထွန်းမြင့်သည် အင်ဒီယားနားပြည်နယ် ဘလုမ်မင်တန်တက္ကသိုလ်သို့ ၁၉၉၃ ဇူလိုင်လတွင် တက်ရောက်ခွင့်ရခဲ့ပြီး ထိုတက္ကသိုလ်မှ ဘွဲ့သုံးခုကို ရရှိခဲ့သည်။ ဘီအေဘွဲ့ကို ၁၉၉၇ ခုနှစ် အရှေ့အာရှ ပညာသင်နှစ်တွင် နိုင်ငံရေးသိပ္ပံဘာသာရပ်၌ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပြီး၊ ၁၉၉၇ တွင် အရှေ့ဖျားအာရှဒေသ လေ့လာရေး ဘာသာရပ်၊ ၁၉၉၉ တွင် လူထုနှင့် ပတ်ဝန်းကျင် ရေးရာကျောင်းမှ လူထုရေးရာ စီမံခန့်ခွဲမှုဘာသာရပ်ဖြင့် မဟာဘွဲ့ရရှိခဲ့သည်။ ထိုကျောင်းနှင့် ဆက်စပ်နေသည့် ဥပဒေကျောင်းမှ လူမှုရေးနှင့် ဥပဒေသိပ္ပံ ပါရဂူဘွဲ့ကို ၂၀၀၅ ခုနှစ် ဧပြီလတွင် ရရှိခဲ့သည်။
ဒေါက်တာထွန်းမြင့်၏ ထင်ရှားသော ဆောင်ရွက်ချက်တစ်ခုမှာ “၂၀၀၈ ခုနှစ် မြန်မာနိုင်ငံ လူ့အခွင့်အရေးအစီရင်ခံစာ (2008 Human Right Report: Burma)” ကို OKKAR နှင့်အတူတွဲ၍ ကမ္ဘာသို့ ရေးသားတင်ပြနိုင်ခဲ့ခြင်း ဖြစ်သည်။ ယခုလောလောဆယ် အချိန်တွင် အင်ဒီယားနားတက္ကသိုလ်၌ (Research Associate at the Workshop in Political Theory and Policy Analysis)ကို သုတေသနပြုလျှက် ရှိပြီး အဝေးရောက် မြန်မာဒီမိုကရက်တစ်အဖွဲ့၏ Federal Constitution Drafting Coordinating ကော်မတီ နည်းပညာအကြံပေးအဖွဲ့တွင်လည်း အဖွဲ့ဝင်တစ်ယောက်အဖြစ် ပါဝင်လုပ်ကိုင်လျှက် ရှိသည်။
ဒေါက်တာထွန်းမြင့်သည် မင်နီဆိုးတား(Minnesota)ပြည်နယ် နော့ဖီးလ်ကာလယ်တန် ကောလိပ် (Carleton College in Northfield) ကောလိပ်၏ ပါမောက္ခတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ရင်း Carol Myint နှင့် လက်ထပ်ထိမ်းမြားခဲ့သည်။ ယခုအခါ Ananda နှင့် Aya ဆိုသော သားသမီးနှစ်ယောက်နှင့်အတူ နေထိုင်လျှက် ရှိပါသည်။
.: မှီငြမ်းကိုးကားသော စာမျက်နှာများ
http://en.wikipedia.org/wiki/Tun_Myint
http://www.spock.com/q/%5EDr.-Tun-Myint%5E
http://www.state.gov/g/drl/rls/hrrpt/2008/eap/119035.htm
Labels:
| | Comments | links to this post
လမ်းတံတားပြုပြင်ထိန်းသိမ်းရေး သြဝါဒစရိယဆရာတော်ကြီးများ
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် ပုလဲမြို့နယ်နှင့် ယင်းမာပင်မြို့နယ်အတွင်းရှိ လည်ငေါက်-ချင်ပြစ်ကျေးရွာ ပေတစ်ရာလမ်းမကြီး (အရှည် ၁၆ မိုင်ခန့်)အား ထိန်းသိမ်းပြုပြင်ရေးတွင် ဝိုင်းဝန်းဆောင်ရွက်နေကြသော သြဝါဒစရိယ ဆရာတော်ကြီးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ် -
၁။ ဘဒ္ဒန္တတေဇဝန္တ (နိုင်ငံတော်သြဝါဒစရိယ) သီတင်းရွာ၊ ပုလဲမြို့နယ်။
၂။ ဘဒ္ဒန္တဂါရဝ (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ၊ နိုင်ငံတော်သံဃမဟာနယက) မဟာဇောတိက ရာမတိုက်၊ မုံရွာမြို့။
၃။ ဘဒ္ဒန္တပဏ္ဍိတ (အဂ္ဂမဟာပဏ္ဍိတ၊ နယ်စပ်သာသနာပြု သြဝါဒစရိယ) ဆုထူးပန်ပရိယတ္တိစာသင်တိုက်၊ တာမွေ၊ ရန်ကုန်မြို့။
၎။ ဘဒ္ဒန္တဇောတိက ( အဂ္ဂမဟာပဏ္ဍိတ၊ မြို့နယ်သံဃနာယကဥက္ကဋ္ဌ) မြို့မရွှေဂူတိုက်၊ မုံရွာမြို့။
၅။ ဘဒ္ဒန္တမာနိတ (အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ) မြို့မရွှေဂူတိုက်၊ မုံရွာမြို့။
၆။ ဘဒ္ဒန္တသာသန (မြို့နယ်သံဃနာယကဥက္ကဋ္ဌ) လက်တောင်းကြီးရွာ၊ ပုလဲမြို့။
၇။ ဘဒ္ဒန္တနာယက (မြို့နယ်သံဃနာယက အကျိုးတော်ဆောင်) လည်ငေါက်ရွာ၊ ယင်းမာပင်မြို့နယ်။
၈။ ဘဒ္ဒန္တကုသလ (မြို့နယ်သံဃနာယကဥက္ကဋ္ဌ) ရွှေမြို့ဝင်ဇီးကုန်းကျောင်တိုက်၊ ရွှေပြည်သာမြို့နယ်၊ ရန်ကုန်မြို့။
၉။ ဘဒ္ဒန္တသောဘန၊ သီရိမင်္ဂလာဓမ္မအေးရိပ်သာ၊ ရွှေပြည်သာမြို့။
၁၀။ ဘဒ္ဓန္တသူရိယ၊ ဇေယျာသီရိကျောင်း၊ သာဓုကံရွာ၊ ရွှေပြည်သာမြို့။
၁၁။ ဘဒ္ဓန္တနန္ဒသာမီဘိဝံသ၊ (မြို့နယ်သံဃနာယကဥက္ကဋ္ဌ) ကန်ဦးဇေတဝန်ကျောင်းတိုက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
၁၂။ ဘဒ္ဒန္တစန္ဒာဝရ၊ ဇေယျဝတီကျောင်း၊ ဒလမြို့။
၁၃။ ဘဒ္ဒန္တဝရသီရိ၊ (ရွှေသိမ်တော်ဆရာတော်) ချောင်းဦးမြို့။
၁၄။ ဘဒ္ဒန္တကေသရ၊ ဖားအောက်တောရရိပ်သာ၊ မန္တလေးမြို့။
၁၅။ ဘဒ္ဒန္တမေဓာဝံသ၊ ဆင်များရှင်သာသနာ့ရိပ်သာ၊ မန္တလေးမြို့။
၁၆။ ဘဒ္ဒန္တပညာဝံသ၊ (ဒွိပိဋက-အဂ္ဂမဟာဂန္ထာဝါစကပဏ္ဍိတ) ရန်ကင်းတိုက်၊ မုံရွာမြို့။
၁၇။ ဘဒ္ဒန္တစိန္တိတ၊ (အဂ္ဂမဟာဂန္ထာဝါစကပဏ္ဍိတ) ရွှေကျင်တောင်ကျောင်းတိုက်၊ ဖြူးမြို့။
၁၈။ ဘဒ္ဒန္တကေသရာဘိဝံသ (သ-စ-အ ဝဋံသကာ၊ အဂ္ဂမဟာကျော်) အောင်ချမ်းသာ ပရိယတ္တိကျောင်းတိုက်၊ နန်းရှေ့၊ မန္တလေး။
၁၉။ ဘဒ္ဒန္တပညာဇောတ၊ မိုးကုတ်ဝိပဿနာသိမ်မဟာရိပ်သာ၊ ဗန်းမော်မြို့။
၂၀။ ဘဒ္ဒန္တနာရဒ၊ ကမ္ဘားရပ်ဆရာတော်ကြီး၊ ပုလဲမြို့နယ်။
၂၁။ ဘဒ္ဒန္တတေဇသာရ၊ (နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်) ဆင်စွယ်ရွာ၊ ယင်းမာပင်မြို့နယ်။
၂၂။ ဘဒ္ဒန္တမေဃဝံသ၊ မန္တလေးကျောင်း၊ ရင်ပေါင်တိုင်ရွာ၊ ယင်းမာပင်မြို့နယ်။
၂၃။ ဘဒ္ဒန္တပညာဓမ္မ၊ နံ့သာကုန်းကျေးရွာ၊ ယင်းမာပင်မြို့နယ်။
၂၄။ ဘဒ္ဒန္တဣန္ဒက၊ ကျေးသမများရွာ၊ ပုလဲမြို့နယ်။
၂၅။ ဘဒ္ဒန္တသုမန၊ ပုပ္ပါးကျောင်းတိုက်၊ ဖိုလ်ဝင်းတောင်၊ ယင်းမာပင်မြို့နယ်။
၂၆။ ဘဒ္ဒန္တစန္ဒောဘာသ၊ ခလရ(၄)တပ်ဦးကျောင်း၊ လားရှိုးမြို့နယ်။
၂၇။ ဘဒ္ဒန္တအာဝုဓ၊ လက်ပံတောင်းတောင်၊ ဆားလင်းကြီးမြို့နယ်။
ဘဝခရီးလမ်း၊ သံသရာခရီးလမ်း၊ နိဗ္ဗာန်သွားရာ ခရီးလမ်းမှာ ဖြောင့်တန်းသာယာ၍ ဆူးငြောင့်ခလုတ် ကန်သင်း မနင်းရဘဲ၊ ပန်းခင်းသောလမ်းဖြင့် လျှောက်လှမ်းနိုင်ရန်အတွက် လမ်းတံတားအလှူဒါန ပြုလုပ်တော်မူကြပါ။
လမ်းတံတားပြုပြင်ထိန်းသိမ်းရေးဆရာတော်များအဖွဲ့
ပုလဲမြို့နယ်၊ ယင်းမာပင်မြို့နယ်
မုံရွာခရိုင်၊ စစ်ကိုင်းတိုင်း။
Labels: , , , , ,
| | Comments | links to this post
အလောင်းတော်ကဿပ ပင်မလမ်းပြုပြင်ခြင်း
Main Road of Alaungdaw Kathapa
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် ပုလဲမြို့နယ်နှင့် ယင်းမာပင်မြို့နယ် အတွင်းရှိ လည်ငေါက်-ချင်ပြစ်ကျေးရွာ ပေတစ်ရာလမ်းမကြီးသည် အလောင်းတော်ကဿပသို့ ဘုရားဖူးသွားရာ ပင်မလမ်း(အမေရေယဉ်နန်းရင်းသို့ သွားရာလမ်း) ဖြစ်သလို၊ ကျေးရွာပေါင်း (၅၀) ကျော်၊ လူဦးရေ ငါးသောင်းကျော်တို့ မှီခိုအားထားနေရသော လမ်းမကြီးလည်း ဖြစ်ပါသည်။
၁၆ မိုင်ခန့် ရှည်သော ဤလမ်းမကြီးသည် တစ်နှစ်တစ်ခြား ပျက်စီးနေပါသဖြင့် အမှီပြုနေရသော ကျေးလက်တောရွာနေ တောင်သူလယ်သမားတို့၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးတို့အတွက် များစွာခက်လဲလျက်ရှိပါသည်။
မိုးရွာလျှင် ၈-မိုင်ခန့်သာ ကားမောင်းနိုင်သော်လည်း ၂နာရီခွဲခန့် ကြာအောင် ဖြစ်သလို မောင်းနှင်နေရပါသည်။ ကျန်(၈)မိုင်ခန့်မှာ လှည်းဖြင့်တစ်မျိုး၊ ခြေလျင်ဖြင့်တစ်ဖုံ၊ ဒုက္ခမျိုးစုံဖြင့် သွားလာနေကြရပါသည်။
Main Road of Alaungdaw Kathapa
ကားမောင်းမရသဖြင့် လှည်းငှါး၍သွားလာရသည်မှာ ကားခထက် လှည်းခကများနေပြီး ကျောက်လမ်းပျက်များပေါ် သွားလာနေရ သော နွားများမှာလည်း ခွာနာ၊ ခွာပေါက်ဖြစ်ကာ သနားစရာ ဖြစ်ကုန်ပါတော့သည်။
မိုးနောက်ပိုင်းကာလများတွင် နွားလှည်းပင် ငှါးမရသဖြင့် ဤဒေသမှ ဆေးရုံတက်ရသည့် လူနာများကို စောင်ပုခက်များပေါ်တင်၍ ထမ်းပိုးများဖြင့်ထမ်းကာ ပင်ပန်းခက်ခဲစွာ သွားကြရပါသည်။
Monywa
(၁၆)မိုင်ကျော်ဝေးသော ဆေးရုံရှိရာသို့ အချိန်မီမရောက်သဖြင့် မသေသင့်ဘဲသေဆုံးခဲ့ရသည့် လူနာများမှာ တစ်နေ့တစ်ခြား ပေါများနေပြီး မိုးတွင်းကာလရောက်တိုင်း တစ်နယ်လုံးရှိ တောင်သူလယ်သမားပြည်သူတို့မှာ စိတ်ပျက်အားငယ်နေရရှာပါသည်။
Main Road of Alaungdaw Kathapa
အလယ်တန်း အထက်တန်း ကျောင်းသားလေးများ၊ ဆရာ,ဆရာမများမှာ ဒူးမြုပ်လောက်သော ရွံဗွက်များကို ရုန်းကန်သွားနေရ သည့်အတွက် ကျန်းမာရေးလည်း ချို့ယွင်းလာမည်မှာ အမှန်ပင်ဖြစ်ပါသည်။
Main Road of Alaungdaw Kathapa
ဤလမ်းမကြီးနှင့် တံတားများကို ဆရာတော်ကြီးများဦးဆောင်၍ ပြုပြင်တည်ဆောက်နေပါပြီ။ လမ်းအရှည် (၁၆)မိုင်နှင့် လုံးဝပျက် စီးနေ၍ အသစ်ဆောက်လုပ်ရမည့် တံတား(၆)စင်း၊ ပြုပြင်ရမည့် တံတား(၁၀)စင်းတို့ အတွက် ကုန်ကျစရိတ်မှာ ကျပ်သိန်း(၁၆၀၀) ကျော် ဖြစ်ပါသည်။
ကျေးလက်နေ တောင်သူလယ်သမားများအနေဖြင့် ထိုမျှအထိ မစွမ်းနိုင်၍ ကူညီပံ့ပိုးမည့် ပါရမီရှင်များကို မျှော်လင့်လျက်ရှိပါသည်။
ဗုဒ္ဓမြတ်စွာသည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့ရာ ဗျာဒိတ်တော်ရသောနေ့ကပင် လမ်းပြင်ခြင်း၊ မိမိခန္ဓာကိုယ်ကို တံတားခင်းခြင်းဖြင့် စတင်ကာ ဘုရားဆုပန်ခဲ့ပါသည်။
မာဃလုလင်နှင့် သူတော်ကောင်းသုံးဆယ်ကျော်တို့သည်လည်း ဘယ်သူမှလည်းမတိုက်တွန်း၊ ဘာအခွင့်ထူးကိုမှလည်း မမျှော်လင့် ဘဲ သူတော်ကောင်းစိတ်ဓါတ်ဖြင့် လမ်းပြင်၊ တံတားဆောက်စသော ကုသိုလ်များကို စွမ်းနိုင်သလိုပြုလပ်ကြရာ ယခုဘဝမှာလည်း မိမိ၊ သူတပါး အဆင်ပြေချမ်းသာ၍ တမလွန်ဘဝမှာလည်း သိကြားမင်းနှင့် နတ်မင်းကြီးများဖြစ်ကာ တာဝတိံသာနတ်ပြည်ဟု စတင် ထင်ရှားခဲ့ပါသည်။
အို... သူတော်ကောင်းတို့ - သူတော်ကောင်းတို့မည်သည် မိမိ၏စွမ်းနိုင်ရာဖြင့် အများချမ်းသာရေးကို အစဉ်သဖြင့် နှလုံးသွင်းနေ သည့် အလျောက် မိမိတို့၏ ကိုယ်အား ဥာဏ်အား စွမ်းနိုင်ရာအားတို့ဖြင့် ဘုရားလောင်း သူတော်ကောင်းတို့၏ လမ်းစဉ်ကို အာရုံပြုကြည်ညို၍ ကုသိုလ်ပါဝင်ကြပါရန် နှိုးဆော် တိုက်တွန်းအပ်ပါသည်။
သံသရာတစ်လျှောက်၊ လမ်းမကောက်၊ လှမ်းလျှောက်နိုင်ပါစေ။
မဂ်ဖိုလ်စခန်း၊ နိဗ္ဗာန်နန်း၊ ဖြောင့်တန်းရောက်ပါစေ။
လမ်းတံတားပြုပြင်ထိန်းသိမ်းရေးဆရာတော်များအဖွဲ့
ပုလဲမြို့နယ်၊ ယင်းမာပင်မြို့နယ်
မုံရွာခရိုင်၊ စစ်ကိုင်းတိုင်း။
“ဆက်သွယ်လှူဒါန်းနိုင်သည့် ဌာနများ”
၁။ ဆူးထူးပန်ကျောင်းတိုက်၊ တာမွေ၊ ရန်ကုန်။ ဖုန်း - ၀၁-၅၄၅၉၈၀
၂။ အရှင်ဥာဏိဿရ၊ တိပိဋက မဟာဂန္ဓာရုံကျောင်းတိုက်၊ ကမ္ဘာအေး၊ ရန်ကုန်။ ဖုန်း - ၀၉-၅၁၂၁၈၉၁
၃။ ရွှေမြို့ဝင်ဇီးကုန်းကျောင်းတိုက်၊ ရွှေပြည်သာမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - ၀၁-၆၁၀၆၄၁
၎။ ဖားအောက်တောရရိပ်သာ၊ ဝေယျာဝစ္စအဖွဲ့၊ မန္တလေး။ ဖုန်း - ၀၂-၃၉၃၇၁
၅။ ဆင်များရှင်သာသနာ့ရိပ်သာ၊ ဝေယျာဝစ္စအဖွဲ့၊ မန္တလေး။
၆။ အောင်ချမ်းသာပရိယတ္တိစာသင်တိုက်၊ နန်းရှေ့၊ မန္တလေး။ ဖုန်း - ၀၂-၃၆၀၀၁
၇။ ဦးသိန်းဖေ(သိန်းရာဇာပွဲရုံ)၊ မုံရွာ။ ဖုန်း - ၀၇၁-၂၂၇၃၄၊ ၀၉-၂၀၃၀၆၅၇
၈။ ရွှေဒေါင်းယာဉ်သင်္ကန်းတိုက်၊ ဘုရားကြီးရပ်၊ မုံရွာ။ ဖုန်း - ၀၇၁-၂၁၂၉၇
၉။ ရွှေကျင်ကျောင်းတိုက်၊ ဖြူး။ ဖုန်း - ၀၅၄-၄၀၀၉၄
၁၀။ ရွှေစေတီကျောင်း၊ လည်ငေါက်ရွာ၊ ယင်းမာပင်မြို့နယ်။ ဖုန်း - ၀၇၁-၂၃၃၂၃
၁၁။ ပညာဝေပုလ္လစာကြည့်တိုက်၊ ရွာနောင်ရွာ၊ ပုလဲမြို့နယ်။ ဖုန်း - ၀၂-၆၇၇၈၆၊ ၀၉-၅၁၅၁၃၉၇
သြဝါဒါစရိယ ဆရာတော်ကြီးများနှင့် ပုလဲ၊ ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာဘုန်းတော်ကြီးကျောင်းများတွင်လည်း လှူဒါန်း နိုင်ပါသည်။
ပါရမီရှင်များကိုမျှော်လင့်နေသော ကုသိုလ်အခွင့်အရေးများ
အမျိုးအမည်ငွေကျပ်
ပေ ၄၀ ရှိ တံတား ၂-စင်း။ တစ်စင်းလျှင်၇,၀၀၀,၀၀၀
ပေ ၂၀ ရှိ တံတား ၄-စင်း။ တစ်စင်လျှင်၃,၅၀၀,၀၀၀
၁၅ ပေရှိ တံတား ၈-စင်း။ တစ်စင်းလျှင်၂,၅၀၀,၀၀၀
ကျောက်ကြီးကားတစ်စီး၇၅,၀၀၀
ဂျင်းကျောက်ကားတစ်စီး၆၀,၀၀၀
ကျောက်တစ်ကျင်း၂၅,၀၀၀
ဘိလပ်မြေတစ်အိတ်၎,၀၀၀
ဒီဇယ်ဆီတစ်ဂါလံ-
ထုံးတစ်အိတ်၁,၀၀၀
“လမ်းတံတားလှူဒါန်ရကျိုး ငါးမျိုး”
ကမ်းနားသစ်ပင်၊ တောင်တွင်ထိပ်က၊
လိမ့်၍ကျလည်း၊ ဘေးမှလွတ်ဘိ၊ မှီခိုရှိ၏။
မှတ်ဘိတစ်မျိုး၊ သူခိုးမင်းဘေး၊
နှိပ်စက်ဝေးပြီး၊ ရန်ဘေးတဖန်၊
အောင်နိုင်ပြန်၍ လျင်မြန်ဆင်,မြင်း၊
ယာဉ်ရခြင်းဝ၊ ငါးဝသည်၊
မှတ်ကြ လမ်းတံတား လှူကျိုးတည်း။
Main Road of Alaungdaw Kathapa
Labels: , , , , ,
| | Comments | links to this post
ဗြောသံ
တောဆန်တယ် ပြောပြော
ဗြောသံကိုတော့
ကြားချင်တာ အမှန်။
တောအပြန် ဗြောသံကြားတော့
နားမှာတွေ့လို့ မရိုးစရာဖန်
တရား ဓမ္မာတွေ့ဖို့ နိုးလာပြန်
ပလုတ်ဗြုန်းသံ၊ တုတ်ဗြုန်းသံ
ခြိမ့်ခြိမ့်ညံတဲ့ ရိုးရာဗြောစည်သံ။
တောအလှူ ဗြောဆူပေးတော့
တောသူလေးတို့ မြူးကြွဟန်
ချောမူသွေးမို့ အထူးလှပြန်
ပလုတ်ဗြုန်းသံ၊ တုတ်ဗြုန်းသံ
ခြိမ့်ခြိမ့်ညံတဲ့ ဗြောစည်သံ။
တောအလှူ ဗြောဆူတီးတော့
သက်ကြားအိုတို့ ကြည်နူးပြန်
မဂ်ခရီး ဖိုလ်သို့ ရည်စူးပန်
မလုတ်ဗြုန်းသံ၊ တုတ်ဗြုန်းသံ
ခြိမ့်ခြိမ့်ညံတဲ့ ရိုးရာဗြောစည်သံ။
+ မြဝင်း (ဒဿန) [သဘင်မဂ္ဂဇင်း] +
Via : ချင်းတွင်းမဂ္ဂဇင်း (မေလ၊ ၂၀၀၉)
Labels:
| | Comments | links to this post
ဆောင်းအဝင်
(၁)
လေပြေထဲမှာ၊ နှင်းနံ့ပါသည်
ရာသီဆောင်းသို့ ပြောင်းပြီလား။
(၂)
မိုးတိမ်ရွေ့လျား၊ မိုးသံကြားသည်
မိုးများ ကျန်နေသေးလို့လား။
(၃)
မိုးကျန် မိုးနှောင်း၊ လေပြေလောင်းကာ
ဆောင်းကို ခေါ်လာခဲ့ပြီထင့်။
(၄)
မိုးရော ဆောင်းပါ ဆုံလို့လာတော့
ခါတိုင်းထက်အေး
မီးလှုံမှ နွေးလိမ့်မယ်။
(၅)
ရှားတစ်ပင်ကို
ဓားတင်လို့လှဲ၊ ထင်းတွေခွဲဟဲ့
ထင်းသားခွဲခြမ်း၊ နေမှာလှမ်းဟဲ့
ရှားသားထင်းခြောက်၊ တစ်ဖောက်ဖောက်နဲ့
မီးတောက် ဖွားဖွား၊ မီးဖိုနားမှာ
သားမိတစ်တွေ၊ မီးလှုံကြမယ်လေ....။
+ မောင်လင်းကြည် +
Via : ချင်းတွင်းမဂ္ဂဇင်း (မေလ၊ ၂၀၀၉)
Labels:
| | Comments | links to this post
       ယင်းမာပင်မြို့နယ် မှတ်စုတို
တည်နေရာ
ယင်းမာပင်မြို့နယ်သည် စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် အတွင်း ချင်းတွင်းမြစ်၏ အနောက် ဘက် မြောက်လတ္တီကျု ၂၁ံ ၅၉' နှင့် ၂၂ံ ၁၉' အကြား၊ အရှေ့ လောင်ဂျီကျု ၉၃ံ၃၆' နှင့် ၉၅ံ ၁၅' အကြားတွင် တည်ရှိ၍၊ ရန်ကုန်မြို့၏ မြောက်ဘက် အနောက်ယွန်းယွန်း မိုင် (၄၀၀) အကွာတွင် တည်ရှိ ပါသည်။ ယင်းမာပင်မြို့နယ် ၏ အရှေ့ဘက်တွင် မုံရွာမြို့နယ် နှင့် ဆားလင်းကြီးမြို့နယ်၊ တောင်ဘက် တွင် ပုလဲမြို့နယ်နှင့် ကနီမြို့နယ်၊ မြောက်ဘက်တွင် ကနီမြို့နယ်တို့ ရှိကြပါသည်။
အကျယ်အ၀န်း
ယင်းမာပင် မြို့နယ်သည် ပင်လယ်ရေမျက် နှာပြင် အထက် ပေ (၄၀၀) တွင် ရှိပြီး ယေဘူယျ အားဖြင့် မြေပြင် ညီညာပြန့်ပြူး ပါသည်။ မြေပြန့်လွင်ပြင်မှာ ရာခိုင်နှုန်း (၄၈.၂၃%) ရှိပြီး စတုရန်းမိုင် အားဖြင့် (၁၇၄.၅၉) ရှိ၍ စတုရန်းမိုင် အားဖြင့် (၇၅.၈၂)၊ ဆင်ခြေလျှော မြေမှာ (၃၄၀.၀၂%) ဧရိယာအားဖြင့် (၁၁၂.၂၉) စတုရန်းမိုင် ရှိရာ ယင်းမာပင်မြို့နယ် မှာ စုစုပေါင်း အကျယ်အ၀န်း အားဖြင့် (၃၆၂.၇၀) ဧရိယာစတုရန်းမိုင် ကျယ်ဝန်း ပါသည်။
မြို့နယ်သမိုင်း
ယင်းမာပင်မြို့နယ်အား မြို့နယ်အဖြစ် ၁၉၀၁ ခုနှစ်တွင် ဗြိတိသျှအစိုးရမှ စတင်သတ်မှတ်ပြီး နယ်ပိုင်ဝန်ထောက် တစ်ဦး ရုံးထိုင်စေလျက် ပုလဲမြို့နယ်၊ ဆားလင်းကြီးမြို့နယ် တို့ကိုပါ အုပ်ချုပ်ရသော ခရိုင်ခွဲ (ဆဗ္ဗဒီဝီဇံ)မြို့အဖြစ် သတ်မှတ်ခဲ့ ပါသည်။ မြန်မာဘုရင်များ လက်ထက်ကမူ ယင်းမာပင် မြို့နယ် အပါအ၀င် ပုလဲမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့ ပါဝင်သော ဒေသများအား ဖန့်ချီနယ် (တချို့က `ဗန့်ဂျီနယ်´ ဟုလည်း ပြောကြ ပါသည်။) ဟု ခေါ်ဝေါ် သတ်မှတ် ခဲ့ပါသည်။ အဆိုပါ (၃)မြို့နယ်၏ အနောက်ဘက်တွင် ပင်တောင်၊ ငပြုံးတောင်၊ ဖန့်ဂျီတောင် ဟူ၍ ရှိရာ ဖန့်ဂျီတောင်သည် တောင်ယမား ချောင်းနှင့် မြောက်ယမားချောင်း အကြားတွင် တည်ရှိသော ကြောင့် အဆိုပါ ဒေသအတွင်း တည်ရှိသော နယ်မြေများကို ဖန့်ဂျီနယ်ဟု ခေါ်ဝေါ်ကြောင်း သိရှိရပါသည်။ မြို့နယ်အဖြစ် ၁၉၀၁ ခုနှစ်ကပင် ဗြိတိသျှအစိုးရက သတ်မှတ် ခဲ့သော်လည်း ယင်းမာပင်မြို့နယ်ကိုမူ မြို့အဖြစ် စနစ်သစ် အုပ်ချုပ်ရေး စတင်သည့် ၁၉၇၂ ခုနှစ်တွင်မှ တရားဝင် သတ်မှတ် ခဲ့ပါသည်။ ယခင်ကမူ ယင်းမာပင်မြို့နယ်သည် နယ်ပိုင်ရုံးစိုက် ဖြစ်သော်လည်း မြို့အဖြစ် တရားဝင် သတ်မှတ်ချက် မဟုတ်ဘဲ မြို့မအုပ်စု အဖြစ်သာ တည်ရှိ ခဲ့ပါသည်။
မြေအနေအထား
ယင်းမာပင် မြို့နယ် အတွင်း၌ တောင်တန်း နှင့် ဆင်ခြေလျှော ဒေသမှာ မြေပြန့်လွင်ပြင် ဧရိယာ ထက် ပိုမိုကျယ်ဝန်းသည် မှန်သော် လည်း ဤမြို့နယ်တွင် အလွန် မြင့်မားသော တောင်ကုန်း တောင် တန်းကြီးများ မရှိပါ။ မြို့နယ် အတွင်း ဖြတ်သန်း စီးဆင်းသည့် တောင်ကျ ချောင်း(ယမားချောင်း)မှာ အနောက်မှ အရှေ့သို့ စီးဆင်း၍ စုန်းကျင်းအုပ်စု၊ ဘိန်းနွယ်ချောင် ကျေးရွာအနီးတွင် ချင်းတွင်းမြစ် အတွင်းသို့ စီးဝင်ပါသည်။ တင်ဆုံချောင်းမှာ အနောက်မြောက်မှ အရှေ့တောင်သို့ စီးဆင်းပြီး နတ္ထောင့် ကျေးရွာ အနီးတွင် ပေါင်းဆုံပါသည်။ ၎င်းချောင်းများသည် ရေစီး အလွန် လျှင်မြန်သည်။ သို့ဖြစ်၍ ၎င်းချောင်းများ ဖြတ်သန်းစီးဆင်းသည့် ရွှေလှန်၊ ပန်းမထုံး၊ ရေအောင့် စသည့်ကျေးရွာများသည် ရံဖန်ရံခါ ရေတိုက်စားခြင်းများ ကြုံရပါသည်။
လမ်းပန်းဆက်သွယ်ရေး
မုံရွာ - ပုလဲ - ဂန့်ဂေါလမ်း ၊ ၁၂-ပေ အကျယ် ကတ္တရာခင်း ကားလမ်းသည် ယင်းမာပင်မြို့နယ်ကို ဖြတ်သန်းလျက် ရှိပါသည်။ မိုင်တိုင် အမှတ် ၉/၀ မိုင်မှ ၂၃/၄ မိုင်သည် ယင်းမာပင်မြို့နယ် အပိုင်း ဖြစ်၍ (၁၄) မိုင် (၄) ဖာလုံ ရှည်လျား ပါသည်။ ဤ မုံရွာ-ပုလဲ-ဂန့်ဂေါ လမ်းမှာ ရာသီမရွေး ဆက်သွယ် သွားလာနိုင်ပြီး ခရီးသည်နှင့် ကုန်စည် များကို သယ်ယူပို့ဆောင်ပေးလျက် ရှိပါသည်။ ထိုပြင် ပွင့်လင်းရာသီ၌ မြို့နယ် အတွင်းရှိ ကပိုင်၊ ဆင်စွယ်၊ ရင်ပေါင်တိုင် စသည့် ကျေးရွာများမှ ယင်းမာပင်မြို့ကို ဖြတ်သန်း၍ မုံရွာမြို့သို့ ခရီးသည်နှင့် ကုန်စည်များ ပို့ဆောင် ပေးခြင်း၊ ကနီ-ယင်းမာပင်-မုံရွာ ကားလမ်းဖြင့် သွားလာနိုင်ခြင်း တို့ဖြင့် လမ်းပန်းဆက် သွယ်ရေး အဆင်ပြေ ချောမွေ့လျက် ရှိပါသည်။ ယင်းမာပင်မြို့မှ မုံရွာမြို့သို့လည်း ကားကြီးကားငယ် များဖြင့် အချိန်မရွေး သွား လာနိုင် သကဲ့သို့ ယခုနောက်ပိုင်းမှ ဖွင့်လှစ်ခဲ့သော ကလေးဝ-ယာကြီး-မင်းဒေါင့်-မုံရွာ ကားလမ်းဖြင့် ချင်းတွင်းတံတား(မုံရွာ) ကို အသုံးပြုလျက် ယင်းမာပင် မြို့နယ်မှ ခရီးသည်နှင့် ကုန်စည် များကို အချိန်အခါမရွေး သယ်ယူပို့ဆောင် ပေးနေပြီ ဖြစ်ပါသည်။
ရာသီဥတု
ယင်းမာပင်မြို့နယ်သည် မြန်မာ နိုင်ငံအလယ်ပိုင်း ပူပြင်းခြောက် သွေ့သည့်အပိုင်းတွင် ပါရှိပါသည်။ တစ်နှစ်လျှင် ပျမ်းမျှ မိုးရေချိန် (၃၀)လက်မ နှင့် (၄၀)လက်မ အကြားသာ ရွားသွန်း လေ့ ရှိပါသည်။ မိုးရေချိန် အနည်းဆုံး လမှာ ဧပြီလဖြစ်၍ အများဆုံးလမှာ အောက်တိုဘာလ ဖြစ်ပါ သည်။ ပူပြင်း ခြောက်သွေ့သည့် ဒေသဖြစ်သည့် အလျောက် မိုးရာသီတွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများ ကျရောက်လေ့ ရှိပါသည်။ အပူချိန် အနေဖြင့် အနိမ့်ဆုံး (၄၀)ဒီဂရီ ဖာရင်ဟိုက် ဖြစ်၍ အမြင့်ဆုံး အပူချိန်မှာ (၁၁၀)ဒီဂရီ ဖာရင်ဟိုက် ဖြစ်ပါသည်။ အအေးဆုံးလ မှာ ဇန်န၀ါရီလ ဖြစ်၍ အပူဆုံးလမှာ ဧပြီလ ဖြစ်ပါသည်။
ပေါက်ရောက်သော အပင်များ
ယင်းမာပင်မြို့နယ်သည် မြေပြန့် အပူပိုင်း ဒေသတွင်သာ ပေါက် ရောက် နိုင်သည့် သန်း၊ ဒဟတ်၊ ထနောင်း၊ ရှား၊ ဇီးဖြူ၊ တယ်၊ တမာ၊ သမုန်း၊ သနပ်ခါး စသည့် အပင်များ ပေါက်ရောက် ပါသည်။ ချင်းတွင်းမြစ် ဘေးတလျှောက်နှင့် ချောင်းဘေး တို့တွင်လည်း သပြေ၊ ဘိုင်၊ ကတွတ်၊ သဖန်းပင်များ ပေါက်ရောက်လျက် တောင်စောင်း များတွင် အင်၊ အင်ကြင်း၊ ထောက်ကြံ့၊ တမလန်း၊ ပိတောက်၊ ပျဉ်းကတိုးပင်များ ပေါက်ရောက်ကာ တောင်ပေါ် မြေပြင်ပိုင်းတွင် ကျွန်း၊ သတီ၊ မျောက်ချောနှင့် မျှင်ဝါး၊ တင်းဝါး၊ သနပ်ခါး စသည်တို့ ပေါက်ရောက်ကြ ပါသည်။ ဆေးဘက်ဝင် အပင်များအနေဖြင့် တောင်ပေါ်၊ တောင်စောင်းများတွင် လက်ထုပ်၊ ဘုမ္မရာဇာ၊ သက်ရင်းကြီး၊ သက်ရင်းကလေး၊ နီပဆေး၊ မှန်နီ၊ ဆင်တုံးမနွယ်၊ မှန်နီ၊ ဆင်တုန်းမနွယ်၊ နာငါးပါး၊ နနွင်းခါး၊ တောရှောက်၊ မင်းကိုးခါ(မင်းကိုးဒါး) စသော ဆေးဘက်ဝင် အပင်များ ပေါက် ရောက် ပါသည်။
စိုက်ပျိုးရေး
ယင်းမာပင်မြို့နယ်တွင် စီမံကိန်း သီးနှံများ စိုက်ပျိုးထုန်လုပ်လျက် ရှိရာ မိုးရာသီ၌ မိုးကြိုစပါး စိုက်ပျိုးခြင်း၊ မိုးနှမ်း၊ မိုးပြောင်ဖူး၊ မြေပဲ၊ ၀ါကလေး၊ ပဲစိမ်းငုံ သီးနှံများ အဓိကထား၍ စိုက်ပျိုး ပြီး မိုးလယ်ရာသီတွင် စပါး၊ ပဲတီစိမ်း နှင့် နှံစားပြောင်း သီးနှံများ၊ မိုးနှောင်းရာသီတွင် ထောပန်ပဲ၊ စွန်တာနီ၊ ငရုတ်သီးနှံများ၊ ဆောင်းရာသီတွင် နှမ်းကြီး၊ ဆောင်းမြေပဲ၊ ကြက်သွန်ဖြူ၊ အာလူး၊ ကုလားပဲ၊ ဂျုံ သီးနှံများ အဓိကထား၍ စိုက်ပျိုး ထုတ်လုပ်ပါသည်။
ယင်းမာပင်မြို့နယ်၏ စိုက်ပျိုးလုပ်ကိုင်နိုင်သည့် မြေဧကမှာ (၁၂၁၇၆၄) ဧက ဖြစ်ပြီး၊ သစ်တောမြေမှာ (၃၄၂၉၈) ဧက ဖြစ်ပါသည်။ ပလပ်မြေ စုစုပေါင်းမှာ (၁၅၇၃၆) ဧက ရှိ၍ စိုးပျိုး မရသည့် မြေ စုစုပေါင်းမှာ (၄၀၉၈၂) ဧက ရှိပါသည်။
       နောက်ဆုံးအပြောင်းအလဲလေးတွေ
ပညာရေး
         အရင်တုန်းက ... မူကြိုကျောင်း (၁)ကျောင်း၊ အ.မ.က(၁) မူလ တန်းကျောင်း (၁)ကျောင်း နဲ့ အ.ထ.က(ယင်းမာပင်) အထက်တန်း ကျောင်း (၁)ကျောင်း ... ဒါပဲ ရှိတယ်။ ၁၉၉၂ ခုနှစ် လောက်ကစပြီး အ.မ.က(၂) ဆိုတာ ထပ်ဖွင့်တယ်၊ နေရာက တော့ (ခ)ရပ်ကွက် ထဲမှာပဲ (အရင် စာတိုက်ဟောင်း နေရာပေါ့)။ ဒီတော့ (က)ရပ်ကွက် (ကုလားတန်း လို့လည်း ခေါ်ကြတယ်) ဖက်က ကလေးတွေ အများဆုံး တက်ကြတယ်။ ၁၉၉၇ ခုနှစ် လောက်မှာ ဘုန်းတော်ကြီး စာသင်ကျောင်း (ဘ.က) ကို "ဇောတိက ကျောင်းတိုက်" ထဲမှာ ဖွင့်လှစ်နိုင်ခဲ့တယ်။ ဒီကျောင်းက လေးတန်း အထိရှိပြီး ငွေကြေးနွမ်းပါးတဲ့ ကလေးတွေနဲ့ စာသင်သံဃာတော် တွေ အတွက် ရည်ရွယ် ပါတယ်။
         ဒါကြောင့် ယင်းမာပင်မြို့ပေါ်မှာတင် မူကြိုကျောင်း (၁) ကျောင်း၊ ဘုန်းတော်ကြီးသင် စာသင်ကျောင်း (၁) ကျောင်း၊ မူလတန်း ကျောင်း (၂)ကျောင်း [အ.မ.က(၁) နှင့် အ.မ.က(၂)] နဲ့ အထက်တန်း ကျောင်း (၁)ကျောင်း ရှိလာတယ် ဆိုပါတော့ ...။
         အဲဒီနောက်ပိုင်း ... တခြားကျောင်းတွေအနေနဲ့ ဘာမှ အပြောင်း အလဲ မရှိပေမယ့် မူလတန်းကျောင်း (၂) ကျောင်း ဖြစ်တဲ့ အ.မ.က(၁) နဲ့ အ.မ.က(၂) ကတော့ မူလတန်းလွန်ကျောင်း တွေအဖြစ် ပြောင်းလဲတိုးတက် လာခဲ့ပါတယ်။ ( "မူလွန်ကျောင်း" ဆိုတဲ့ အခေါ်အဝေါ် က နည်းနည်းတော့ စိမ်းပါတယ်၊ ပြောရရင် တစ်နှစ်ကို တစ်တန်းစီ တိုးသွားတာမျိုးပါ။) အ.မ.က(၁)အနေနဲ့ ခုဆိုရင် ( ) တန်းထိ တိုးတက်လာပြီး ၊ အ.မ.က(၂) ကတော့ (၇)တန်း ထိ ရောက်နေပါပြီ။
         နောက်ပြီး ... ရွာသာရွာမှာ အလယ်တန်းကျောင်း တစ်ကျောင်းလည်း ရှိပါသေး တယ် (မူလတန်းကနေ ရှစ်တန်း အထိပေါ့)။ ဘယ်တုန်းက စဖွင့် ခဲ့လဲ ဆိုတာတော့ မမှတ်မိဘူး ဖြစ်နေပါတယ်။
         စာသင်ကျောင်း မဟုတ်ပေမယ့် အမျိုးသမီးရေးရာ က ဖွင့်လှစ် ထားတဲ့ အမျိုးသမီး အိမ်တွင်းမှု ကျောင်းကို လည်း ထည့်တွက်မယ် ဆိုရင် ထည့်တွက်လို့ ရပါတယ်၊ ဒီကျောင်းကို ၂၀၀၅ လောက်က ဖွင့်လှစ် လိုက်တာပါ။ နေရာကတော့ အရင် စက်မှုလယ်ယာ ရုံးဝင်းရဲ့ မြောက်ဖက် ဆန်ဂိုဒေါင် ဟောင်းကြီး တွေ နေရာမှာပါ။
         အခုလက်ရှိ ကျောင်းတွေနဲ့ ကျောင်းအုပ်ကြီးတွေရဲ့ အမည်စာရင်းတွေ ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် -
လက်ရှိ တာဝန်ထမ်းဆောင်နေသူများ ဖြစ်ပါသည်
ကျောင်းအမည် ကျောင်းအုပ်အမည်
အ.ထ.က(ယင်းမာပင်) ဦးဇော်ဝင်း (ယာယီ)
အ.မ.က(၁) ဒေါ်အေးအေးမာ
အ.မ.က(၂) ဒေါ်ဥမ္မာရွှေ
အ.လ.က(ရွာသာယာ) 9.9
ဘ.က 9.9
မူကြိုကျောင်း မရှိ (ဆရာမ နှစ်ဦးသာရှိ)
အမျိုးသမီး အိမ်တွင်းမှုကျောင်း ဒေါ်မြမြသင်း
         ၂၀၀၃ခုနှစ် နောက်ပိုင်း သိသိသာသာ ပြောင်းလဲသွားတာ တစ်ခု ကတော့ (၉)တန်း၊ (၁၀)တန်း ဘော်ဒါဆောင်တွေ တော်တော် ပေါလာတာ ပါပဲ။ (ခ-ရပ်ကွက် နဲ့ တိုးချဲ့ဖက်တွေမှာ အများဆုံး တွေ့ရ ပါတယ်။) မူလတန်း ကနေစပြီး ကျူရှင်တွေ၊ Guideတွေ ရှိလာပြီး ကလေးတိုင်းလိုလိုကလည်း ကျောင်းနဲ့ ကျူရှင် မနားတမ်း ပြေးနေ ကြရတယ်။ ယင်းမာပင်မြို့ပေါ်ရှိ နာမည်ရှိတဲ့ ဘော်ဒါဆောင် အချို့ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-
ဘော်ဒါအမည် အုပ်ချုပ်သူ နေရာ
မြင့်မိုရ် ဦးမြင့်သန်းဦး ခ-ရပ်ကွက်(ပါတီရုံးဟောင်း)
EverGrade ဦးမောင်မောင်ထွေး ခ-ရပ်ကွက်
အောင်ထက်အောင် ဦးသိန်းထီ ခ-ရပ်ကွက်
ပညာမွန် ဦးစိုးတင့် ဂ-ရပ်ကွက်
ဂုဏ်ထူးဝေ ဦးသန်းထွန်းဝင်း ဂ-ရပ်ကွက်(တိုးချဲ့)
Excellent ဦးမြလှိုင် ဂ-ရပ်ကွက်(တိုးချဲ့)
ယောမင်းကြီး ဦးဝင်းလှိုင် ဂ-ရပ်ကွက်(တိုးချဲ့)
ငြိမ်းချမ်း ဦးစန်းမောင် ခ-ရပ်ကွက်(တိုးချဲ့)
ငွေစန္ဒာ ဒေါ်ခင်နှင်းဖြူ ခ-ရပ်ကွက်(တိုးချဲ့)
သရဖူ ဦးသိန်းမင်းလှိုင် ခ-ရပ်ကွက်(တိုးချဲ့)
Golden ဦး - က-ရပ်ကွက်
လူမှု့ရေး
         အရင်က လူမှုရေး ကိစ္စတွေ ပေါ်လာတိုင်း ၀ိုင်းဝန်း အကြံပေး ကူညီတတ် ကြပေမယ့် ခုနောက်ပိုင်းမှာ နည်းနည်း စိမ်းသွား တယ်လို့ ခံစား ရပါတယ်။ ခင်ရာခင်ကြောင်း တွေလောက်ပဲ ရောက် လာ ကြတော့တယ်။ ဒါကလည်း နောက်တက်လာတဲ့ မျိုးဆက်သစ် လူငယ်တွေရဲ့ ခံယူချက် အပြောင်းအလဲကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင် ပါတယ်။
         အဲဒီ နောက်တက် လူငယ်တွေဟာ ရှေးအစွဲ အချို့ကို လျော့ချခဲ ပါတယ်။ ဥပမာ- ဒီမြို့ ပေါ်မှာ တိုက်မဆောက် ရဘူး၊ ဆောက်ရင် ဘာဖြစ်တယ် ညာဖြစ်တယ် . . . တို့ ၊ အမေရေယာဉ် ရဲ့ နယ်မို့ လှေကို "လှေ" လို့ မပြောရဘူး... "ခေါင်း" လို့ ပြောရမယ် တို့ ၊ ဒီမြို့နယ် သား ဖြစ်ရင် တစ်နှစ် တစ်ခါ အမေရေယာဉ် နတ်နန်း ဆီလာပြီး ရေစင် ဆက်ရမယ် တို့ ..... ။
         ဒါပေမယ့် ... ရန်ကုန်မှာ နေတယ်၊ နိုင်ငံခြား သွားတယ် ဆိုတာနဲ့ ရမ်းစမ်းပြီး အထင်ကြီး ပစ်တတ်ကြတဲ့ အစွဲလေးတွေ တော့ ရှိဆဲ ပါပဲ။
စီးပွားရေး
         ၂၀၀၄ခုနှစ် လောက်ကစပြီး ဓာတ်ဆီဆိုင်တွေကို အရှေ့ဖက် မြို့အ၀င် မှာ စနစ်တကျ ဖွင့်လှစ်နိုင်ခဲ့တယ်။ ( ဆိုင်ကယ်တွေကို အိမ်တိုင်းနီးပါး ၀ယ်နိုင် လာကြတာရဲ့ အကျိုးဆက်တစ်ခုပေါ့။ အဲဒါရဲ့ နောက်ဆက်တွဲ တစ်ခုက ဆိုင်ကယ်ဝပ်ရှော့တွေပါ ပေါ်လာ တာပါပဲ။) အရင်က မန္တလေးနဲ့ မုံရွာကုတ် လိုင်းဖုန်းတွေကို သုံးနေရာ ကနေ GSMဖုန်းဆိုင်တွေ ပေါ်လာတယ်။ (အခုဆို ပြည်ပခေါ်ဆို မှု့တွေ အထိ လွယ်သွားပြီ။)
         နှစ်ပေ၊ ရှစ်ပေစလောင်းတွေကိုလည်း အိမ်တွေ အတော် များများ မှာ ၀ယ်တပ်လာကြတယ်။ နောက်... ရေခဲသေတ္တာ၊ မီးအား မြင့်စက်၊ မီးစက်၊ အင်ဗာတာ တွေကိုလည်း သုံးစွဲလာကြတယ်။ လူနေမှု့ အဆင့်အတန်း အနည်းငယ် မြင့်တက်လာတဲ့ ပုံစံမျိုးပါ။
         နှင်းဆီပန်းကို အဓိကထား စိုက်ပျိုးကြတဲ့ စိုက်ပျိုးရေးခြံ တွေကို အခု နောက်ပိုင်းမှာ လုပ်ကိုင် လာကြတယ်။ နောက် - - - ရေထွက် သိပ်မကောင်းတဲ့ ရေကန်တွေမှာ ငါးမွေးတာကိုလည်း လုပ်ကိုင် လာကြတယ်။ အခြား ကြက်မွေးမြူရေးတို့ ၊ ကွမ်းစိုက် တာတို့ လည်း လုပ်နေကြဆဲ ပါပဲ။
         နောက် ... သိသိသာသာ တိုးလာတာကတော့ လက်ဖက် ရည်ဆိုင် တွေ နဲ့ စိုက်ပျိုးရေးဆေးပစ္စည်းဆိုင် တွေပါပဲ။ ဒီဂျစ်တယ် ဓါတ်ပုံဆိုင်၊ ကွန်ပျူတာ စာစီနဲ့ မိတ္တူဆိုင်တွေပါ တွေ့လာ ရပါပြီ။
ဘာသာရေး
         ယခင်က ဇောတိကကျောင်း၊ ရေ၀န်းကျောင်း၊ မာန်ဘရာ ကျောင်း၊ သီးပင်ကျောင်း ဆိုပြီး ဘုန်းကြီးကျောင်း (၄) ကျောင်းပဲ မြို့ပေါ်မှာ ရှိခဲ့တယ်။ ဦးစံပေါကျောင်း နဲ့ မိုးကုတ်ဝိပါဿနာကျောင်း တွေကို ထည့်မတွက်ဘူး ဆိုရင်ပေါ့ ---။
         နောက်ပိုင်းမှာ ဦးစံပေါကျောင်းကို "တောရကျောင်း"လို့ အမည် ပြောင်းပြီး မယ်သီလရင် ကျောင်းတစ်ခုကိုပါ အဲဒီနားမှာ ထပ်ပြီး တည်ဆောက်ခဲ့ ပါတယ်။ မိုးကုတ် ၀ိပဿနာ ကျောင်းတိုက် ကတော့ သံတံတားကြီး အနောက်ဖက်ကနေ အရှေ့တိုးချဲ့ဖက် ကို ရွေ့သွားခဲ့ပါတယ်။
         ထပ်ပြီးပေါ်လာတဲ့ ဘုန်းကြီးကျောင်းကတော့ "ရွှေပေါက်ပင် တောရ ကျောင်းတိုက်" ပါပဲ။ (နေရာက မြို့အ၀င် ပေါက်ပင်ကူး တံတား အရှေ့ဖက်နားလေး မှာပါ။) ဒီကျောင်းတိုက်ကို ယခင် "ဇောတိက ကျောင်းတိုက်" ကျောင်းထိုင်ဆရာတော် ဦးဌေးယျ ကပဲ တည်ထောင် သွားခဲ့တာပါ။ အဲဒီကျောင်းနဲ့ မျက်နှာချင်းဆိုင် လမ်းတစ်ဖက် မှာတော့ မယ်သီလရင် ကျောင်းတိုက် တစ်ခု ထပ်ရှိပါသေးတယ်(နေရာ အတိအကျ ဆိုရင်တော့ ပေါက်ပင်ကူး မြို့ဦးစေတီနဲ့ ကပ်ရက်ပေါ့)။
         ဒါကြောင့် ယင်းမာပင်မြို့ပေါ်မှာတင် မယ်သီလရင် ကျောင်းတိုက် (၂)ခု ရှိနေပြီ ဖြစ်ပါတယ်။ မြို့ပေါ်ကျေးရွာ နဲ့ ပြောင်းပြာကျေးရွာ ကြားမှာတော့ နောက်ထပ် မယ်သီလရင် ကျောင်းတိုက် တစ်ခု ရှိပါသေးတယ်။ မြို့နယ်တွင်းမှာလို့ ပြောရင်တော့ မယ်သီလရင် ကျောင်းတိုက် (၃)တိုက် ရှိသွားပြီ လို့ ပြောနိုင်ပါတယ်။
         အခြားဘာသာဝင်များ အနေနဲ့ က-ရပ်ကွက်(ကုလားတန်း) ဘက်မှာ တော့ အစ္စလမ်ဘာသာ ဘုရားဝတ်ပြုကျောင်း (ဗလီ) တစ်ခု ရှိပါတယ်။ ဂ-ရပ်ကွက်(တိုးချဲ့) ဖက်မှာလည်း သာသနာ ပြုနေတဲ့ ခရစ်ယာန် သာသနာပြုအဖွဲ့ တစ်ဖွဲ့ ရှိပါတယ်။
You can See This blog from this URL
without Access Denied in Local(Myanmar).
http://yinmarbin.myanamarbloggers.org
Web Yinmarbin Blog
About Me...
    I'm Ðaywalker[Soul] From Yinmarbin Town, Sagaing, Myanmar အညာမှာမွေးတယ်၊ အညာမှာ ပဲ ကြီးတယ်.... အညာသား စစ်စစ်ပါ။ ခုတော့ ..... အဝေးမှာ ဒီလိုပဲ .... ။ ရုပ်ကလား? Ðaywalker ပါဆိုဗျာ ... သွေးစုပ်ဖုတ်ကောင် နဲ့ တူတာပေါ့ .... :D/
    My profile
About this Blog
Yinmarbin Logo
လတ်တလော ဖတ်စရာလေးတွေ
အရင်က ရေးထားတာလေးတွေ
အကြောင်းအရာအလိုက် ဖတ်ရှုရန်
ဆက်သွယ်ရန်
Mail to Ðaywalker[soul]:
soul88ster@gmail.com
ဒီနေ့ ယင်းမာပင်မြို့ရဲ့ရာသီဥတု
Forecast for
ပြောချင်တာပြောခဲ့ဖို့
အီးမေးလ်ကတဆင့် ဖတ်ရန်
Enter your email address:
Delivered by FeedBurner
ယင်းမာပင် Group
Google Groups
Subscribe to Yinmarbin (ယင်းမာပင်)
Email:
Visit this group
ဒေါင်းလုဒ်ရယူနိုင်သော စာအုပ်များ
"အလင်းနစ်"ရဲ့ကိုယ်ပိုင်သံစဉ်အချို့
ဒေါင်းလုဒ်ရယူနိုင်သော သီချင်းများ
အညာအသိုင်းအ၀ိုင်း Links
သွားလည်ချင်စရာLinks
လာရောက် ဖတ်ရှု့သူတွေ
Locations of visitors to this page
hit counters
မြို့ကလေးအတွက် ကဗျာ
"အိပ်တန်းပြန် - စိုးလှိုက်ဦး"
မိုးခေါင်ရေရှားတဲ့ အညာပေမယ့်
အလွမ်းတွေချည်း တူးတူးခါးခါးပွင့်ဝေနိုင်တာလေးတစ်ခုနဲ့ပဲ
အဲဒီ "ယင်းမာပင်" မြို့ ကလေးကို
"တမာပင်မြို့ " လို့ ပြောင်းခေါ်ရင်ကောင်းမယ်
ကိုယ့်မေမေရှိတဲ့ မြို့ ကလေးမို့
"မေမေ" လို့ ခေါ်ရင်လည်း ရတာပဲ။
သူ့ရင်ဘတ်ပေါ်က
ရေအပြည့်နဲ့ကျောက်ပေါက်ခွက်ကလေးတွေကို ကြည့်ပြီး
နောင်မှာ ရေနစ်နိုင်တယ်လို့ အတိတ်ကောက်နေတဲ့
ရေဖောဖောချိုးတတ်တဲ့အကျင့်နဲ့ မြို့ကလေးမှာ
ဂျပန်ခေတ်ကတည်းက တံတားအိုလေးလည်းရှိမယ်
အကြိုက်မတူတဲ့သီချင်းတွေ သောက်နေတတ်တဲ့ ကော်ဖီဆိုင်လေးလည်းရှိမယ်၊
အဖြူထည်မရင့်ကျက်မှု့တွေ ဖြန့်ခင်းထားတဲ့ စာသင်ကျောင်းလေးလည်းရှိမယ်၊
(သူ့စားကျက်မှာ သိုးတွေပဲကျောင်းခွင့်ရှိတယ်)
တံခါးမရှိတဲ့စိတ်လုံကိုယ်လုံ ကိုယ့်မိသားစုလေးလည်းရှိမယ်၊
ဘယ်တော့မှ မမေ့နိုင်တော့မယ့် အမေ့ခံကောင်မလေးလည်း ရှိမယ်၊
နာမည်မသိတဲ့အရောင်လေးချည်းပဲ ၀တ်ထားတတ်တဲ့ကားလေးလည်းရှိမယ်၊
ကိုယ့်သူငယ်ချင်းကလေးတွေလည်း ရှိမယ်၊
တစ်ခါကမက်ဖူးတဲ့ ကိုယ်အိပ်မက်ဟောင်းလေးလည်းရှိမယ်၊
အဲဒါလေးတွေနဲ့ ပဲ
ကိုယ့်သတိရစိတ်ကလေးတွေ အမြဲစိမ်းစိုခဲ့ရတော့တာပါပဲ။
အိပ်မက်ကြီးကြီးနဲ့ဘ၀က ဆန္ဒနဲ့မတည့်ဘူးမို့လား
ဒီတော့-----
အားတက်သရော ဝေးလွင့်ရတဲ့ဘ၀ရဲ့ စိတ်ရောကိုယ်ပါ မနက်ဖြန်ကျရင်
"ဂငယ်ကွေ့ " ကို တည့်တည့်မတ်မတ် ပြန်ကွေ့မယ်
ရှိတ်စပီးယားပြဇာတ်တွေထက် လွမ်းဖို့ကောင်းတဲ့မြို့ကလေးရေ
တတ်နိုင်တဲ့တစ်နေ့ကျရင်တော့
အိမ်ပြန်တတ်တဲ့ ဖိနပ်တစ်ရံ ၀ယ်မယ် စိတ်ကူးထားတယ်ကွယ့်။                                  ။
Yinmarbin-poem Photo
မြို့ကလေးရဲ့ တွေ့ဆုံခန်း စကားများ
လာရောက်ဖတ်ရှုသူ အရေအတွက်
RSS Feeds,Bookmarks & Traffic
Subscribe
Msn bot last visit powered by MyPagerank.Net
Yahoo bot last visit powered by MyPagerank.Net
Powered by  MyPagerank.Net
Add to Technorati Favorites
Add to Technorati Favorites
City Guide Blogs - Blog Catalog Blog Directory
blogarama - the blog directory
XML
Google Reader or Homepage
Add to My Yahoo!
Subscribe with Bloglines
Subscribe in NewsGator Online
BittyBrowser
Add to My AOL
Convert RSS to PDF
Subscribe in Rojo
Subscribe in FeedLounge
Subscribe with Pluck RSS reader
Kinja Digest
Solosub
MultiRSS
Rss fwd
Blogarithm
Eskobo
gritwire
BotABlog
Simpify!
Add to Technorati Favorites!
Add to netvibes
Add this site to your Protopage
Subscribe in NewsAlloy
Subscribe in myEarthlink
Add to your phone
.CO.NR Free Domain
Creative Commons License
MyNativeTown by Daywalker is licensed under a Creative Commons Attribution 3.0 United States License.
Based on a work at yinmarbin.blogspot.com.
Permissions beyond the scope of this license may be available at http://yinmarbin.blogspot.com.
Copyright © 1997- Rainbow Arch
Powered By
Powered by Blogger
...Sorry! I am trying on...... But.... This Blog is not complete till now!!...