Yinmarbin Maps
Friday, January 30, 2009
ယင်းမာပင်မြို့နယ်ရဲ့ မြေပုံစာရွက်လေးနှစ်ရွက် ရလာလို့ တင်ပေးလိုက်ပါတယ်၊ Scan ဖတ်ပြီးတင်တာ မဟုတ်လို့ သိပ်တော့ မကောင်းလှဘူးဗျ။ ကင်မရာနဲ့ရိုက်ပြီး အတတ်နိုင်ဆုံးတော့ ပြင်ထားတာပဲ။ PDF ဖိုင် လုပ်ထားလိုက်တယ်။ စာအုပ်ကပုံတွေကို ကင်မရာနဲ့ ပြန်ဆွဲတဲ့အခါ... ဘယ်လို mode နဲ့ ထားပြီး ရိုက်ယူရင် အကောင်းဆုံးဖြစ်မယ် ဆိုတာလည်း ရမ်းသမ်းလုပ်ထားလို့ ပုံထွက်ကတော့ ခပ်ညံ့ညံ့ပဲ။ မြေပုံစာရွက်ကလည်း ၂၀၀၄ - ၂၀၀၅ ခုနှစ်က စာရွက်ဆိုတော့ ဒိတ်တော့အောက်နေပါပြီ၊ ဒါပေမယ့် ဒီကြားထဲမှာလည်း ဘာမှထူးပြီး ပြောင်းလဲလာတာမရှိတာကြောင့် ဒီမြေပုံလေးကိုပဲ ရိုက်ပြီး တင်ပေးလိုက်ပါတယ်။ အလိုရှိသူများ ဒီအောက်မှာ ဒေါင်းလုဒ်ရယူနိုင်ပါတယ်၊ ဒီဘလော့ရဲ့ ညာဖက် sidebar ထဲက "Download ebook" ထဲမှာလည်း ထည့်ပေးထား ပါတယ်။
Download: Yinmarbin Map(PDF) | Yinmarbin Map(zip)
Labels: download, yinmabin, yinmarbin, ယင်းမာပင်, လမ်းများ
| Permalink | Comments
| links to this post
![]()
"ယင်းမာပင်လမ်းခွဲ" ရိုက်ခဲ့စဉ်က
Thursday, January 29, 2009
"ယင်းမာပင်"လို့ ပြောလိုက်ရင် လူအများစုက "ယင်းမာပင်လမ်းခွဲ" ဆိုတဲ့ ရုပ်ရှင်ကားနာမည်ကို သွားသတိရလေ့ ရှိကြပါတယ်၊ အထူးသဖြင့် လူကြီးပိုင်းတွေပါ။ လူငယ်အများစုကတော့ အဲဒီရုပ်ရှင်ကို သိပ်မသိကြပါဘူး။ ဒါပေမယ့် လူကြီးတွေ ကိုယ်တိုင်လည်း အဲဒီရုပ်ရှင်ဇာတ်လမ်းကို သေချာမမှတ်မိတဲ့အပြင် အဲဒီရုပ်ရှင်မှာ ရထားလမ်းပါတဲ့အတွက် ပိုပြီးလွဲချော် သွားလေ့ ရှိပါတယ်။ ဒါကြောင့် ရထားလမ်းရှိတဲ့ ကလောဘက်က "ယင်းမာပင်" လို့ပဲ မြင်သွားပါတယ်၊ နောက်... အဲဒီရုပ်ရှင်ကားကိုလည်း အဲဒီမှာပဲ ရိုက်တယ်လို့ ဝေဝေဝါးဝါးဖြစ်သွားကြပါတယ်။ အဲဒီကိစ္စလေးကို ရှင်းရှင်းလင်းလင်း ဖြစ်သွားရအောင် အဲဒီဇာတ်ကားရိုက်စဉ်က အဖြစ်အပျက်အချို့ကို ဆရာမြသန်းတင့် ရေးသားထားတဲ့ "မြောက်ဘက်တောင်ကုန်းဒေသမှ အပြန်" စာအုပ်မှ ပြန်လည်ကူးယူပြီး ဖေါ်ပြလိုက်ပါတယ်။ ယင်းမာပင်၊ ဖိုးဝန်းတောင်၊ မုံရွာ၊ အညာဓလေ့များနဲ့ ပတ်သက်သော အကြောင်းများကိုသာ ရွေးချယ်ကူးယူ ထားခြင်း ဖြစ်ပြီး အကုန်တိုက်ရိုက်ကူးယူထားခြင်း မဟုတ်ပါ။
ဆရာမြသန်းတင့်ဟာ "ယင်းမာပင်လမ်းခွဲ" ရုပ်ရှင်ကားရိုက်စဉ်က ရုပ်ရှင်အဖွဲ့သားများနဲ့အတူ ပါဝင်ခဲ့ပါတယ်၊ မင်းသားကတော့ "ဇော်ဝမ်း" ဖြစ်ပြီး၊ မင်းသမီးများကတော့ "အေးအေးသင်း" နှင့် "ဒေစီကျော်ဝင်း"တို့ ဖြစ်ကြပါတယ်။ ဒါရိုက်တာကတော့ နာမည်ကြီးဒါရိုက်တာ ဦးချစ်ခင်ရဲ့ သားဖြစ်သူ ဒါရိုက်တာ မောင်လှဝေလို့ ခေါ်တဲ့ အဝေက ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ သူတို့ ရိုက်ကူးစဉ်က အတွေ့အကြုံအချို့ကို ပြန်လည်ကူးယူဖော်ပြရင်း ယခင်က အခြေအနေအချို့ကို ပြန်လည်အောက်မေ့ သတိရ လိုက်ခြင်း ဖြစ်ပါတယ်။ အောက်မှာ ဖတ်ရှု့ကြည့်နိုင်ပါတယ် -
နောက်တစ်နေ့တွင် ကျွန်တော်တို့ မုံရွာသို့ ကူးကြသည်။ မူလက "ယင်းမာပင်လမ်းခွဲ" ဇာတ်ကားကို ကလောလမ်းက ယင်းမာပင် တစ်ဝိုက်တွင် ရိုက်ရန်ဖြစ်သည်။ သို့ရာတွင် ဇာတ်ကွက်နှင့် မကိုက်။ ဇာတ်ခင်းထားသည်က ခရီးရှည်သွားသည့် မီးရထားကြီးပေါ်မှာ ဖြစ်သည်။ ဇာတ်သဘောအရ ထိုမီးရထားသည် မန္တလေးတွင် ဆိုက်ရမည်။ မန္တလေးသို့ ရထားဆိုက်သည့်အချိန်တွင် ဇာတ်သည် အထွတ်အထိပ်သို့ ရောက်ရမည်။
ဤတွင် ကလောလမ်းက ယင်းမာပင်တွင် ရိုက်၍ မဖြစ်တော့။ ကလောလမ်းက ယင်းမာပင်တွင် လမ်းခွဲလည်း မရှိ။ ထိုရထားသည် မန္တလေးသို့လည်း တိုက်ရိုက်ရောက်နိုင်သည့် ရထားမဟုတ်။ ထို့ကြောင့် မုံရွာဘက်က ယင်းမာပင်ကို ရွေးရသည်။ ရွေးမည့်သာ ရွေးရသော်လည်း မုံရွာဘက်က ယင်းမာပင်တွင်လည်း မီးရထားလမ်း မရှိပါ။ သို့ရာတွင် ဒါရိုက်တာသည် ရိုက်၍ဖြစ်အောင်တော့ လုပ်ရလိမ့်မည်။
ထို့ကြောင့် ယင်းမာပင်အလွန် ဖိုးဝန်းတောင်လမ်းခွဲမှာ ဇာတ်လမ်းစ,ရသည်။ ထို့နောက် ဇာတ်ကွက်ကို မုံရွာသို့ ကူးရသည်။ မုံရွာမှ မန္တလေးတောက်လျှောက် ရထားကြီး ရှိသည်။ ဤဘက်ရောက်လျှင်မူ ကိစ္စမရှိတော့။ ဇာတ်ညွှန်းအတိုင်း ရိုက်နိုင်ပြီ။ "ယင်းမာပင်လမ်းခွဲ" ဟု အမည်မတပ်ဘဲ လမ်းခွဲရှိသည့် ဘူတာတစ်ခုကို ပြောင်းကာ ထိုအမည်ဖြင့် ရိုက်၍မရလောဟု မေးဖွယ် ရှိသည်။ မရပါ။ ဇာတ်လမ်းစီစစ်ရေးကို ဇာတ်တင်စဉ်က "ယင်းမာပင်လမ်းခွဲ" အမည်ဖြင့် တင်ထားခြင်း ဖြစ်ပါသည်။
ထို့ကြောင့် ဇာတ်ကားအမည်ကို ကိုယ်ကြိုက်သလို ပြောင်း၍ရမည် မဟုတ်။ ချပေးထားသည့် အမည်အတိုင်းသာ ရိုက်ရလိမ့်မည်။ မဖြစ်လျှင် ဖြစ်အောင် ရိုက်ရတော့မည်။ မတတ်နိုင်တော့။ နာမည်ပြောင်းခွင့်က ရချင်မှ ရမည်။ ရလျှင်လည်း မည်မျှကြာအောင် စောင့်ရမည် မသိ။ ကိုယ်က ယခု ရိုက်ချင်သည်။ ယခုမှမရိုက်ဖြစ်လျှင် နောင်ကို မည်သည့်အချိန်မှ ရိုက်ရမည်ကို မည်သူမျှ မပြော နိုင်။ မင်းသားက ပေးသည့်ရက်၊ မင်းသမီးနှစ်ယောက် ပေးသည့်ရက်၊ ဖလင်ကော်ပြားရသည့် ရက်၊ ဒါရိုက်တာ အားသည့်ရက်၊ ကင်မရာမင်း အားသည့်ရက် စသည်ဖြင့် အားလုံးတိုက်ဆိုင်မှ အားလုံးချောမောမှ ရုပ်ရှင်ကားတစ်ကား ဖြစ်မည်။ ရုပ်ရှင်ကား တစ်ကား ရိုက်ရေးသည် ဒုလ္လဘတရားကြီး တစ်ပါး ဖြစ်နေသည်။
ထို့ကြောင့် ရသည့်အခွင့်အရေးကို လက်မလွတ်နိုင်။ မဖြစ်ဖြစ်အောင် ရိုက်ရတော့မည်။ ဤသို့ မဖြစ်ဖြစ်အောင် ရိုက်ကြသဖြင့် ကျွန်တော်တို့ မြန်မာရုပ်ရှင်ကားများသည် တဖြည်းဖြည်းညံ့သည်ထက် ညံ့လာကြခြင်း ဖြစ်သည်ဟု ကျွန်တော်ထင်ပါသည်။ ကျွန်တော်တို့အဖွဲ့ ကားငါးစီးဖြင့် မန္တလေးမှ ထွက်ကြသည်။ ရှေ့ပြေးအဖြစ် ရှူတင်မန်နေဂျာနှင့် အဖွဲ့က တစ်စီး၊ မင်းသားနှင့် သူ့အဖွဲ့က တစ်စီး၊ မင်းသမီးတစ်ယောက်စီက တစ်စီး၊ ကင်မရာမင်းနှင့် သူ့အဖွဲ့သားများက တစ်စီး။
ရှူတင်မန်နေဂျာမှာ မုံရွာညိုကြီးခေါ် မုံရွာသား ကိုညိုကြီး ဖြစ်သည်။ သူသည် ဇာတ်ကားတစ်ကားကို ဒါရိုက်တာလုပ်၍ ရိုက်ခဲ့ဖူး သည်။ မုံရွာညိုကြီးသည် ဒေါ့ဂျစ်တစ်စီးဖြင့် ကျွန်တော်တို့ ရှေ့မှ ထွက်သွားပါသည်။ သူ့နှင့်အတူ သူ့အဖွဲ့သားအချို့လည်း ပါသွား သည်။ လူ(၅၀)လောက် စားဖို့ချက်ဖို့ ထမင်းဟင်းအိုးများ၊ ပန်းကန်ခွက်ယောက်များလည်း ပါသွားသည်။ နောက်တစ်စီးမှာ ကင်မရာမင်းနှင့် အဖွဲ့သားများ ဖြစ်သည်။ သူတို့ကားပေါ်တွင် စက်ပစ္စည်းတွေ ပါသည်။ သူတို့ကားနောက်တွင် ဒေစီကျော်ဝင်း၏ ကား ဖြစ်သည်။ သူ့ကားတွင် ဒါရိုက်တာနှင့် တွဲဖက်ဒါရိုက်တာတို့ လိုက်ကြသည်။ ကျွန်တော်နှင့် ကိုသန်းတင်က အေးအေးသင်း ကားတွင် လိုက်ကြသည်။ အတူတူထွက်ကြသည် ဆိုသော်လည်း ရှေ့ဆင့်နောက်ဆင့်ထွက်ကြခြင်း မဟုတ်။ တစ်စီးနှင့် တစ်စီး နာရီဝက်၊ တစ်နာရီလောက်တော့ ကွာကြသည်။ မုံရွာရောက်မှ စုပြီး ဖိုးဝန်းတောင်ဘက်သို့ ကူးကြရန် ဖြစ်သည်။
အညာတွင် ခရီးသွား၍ အကောင်းဆုံးအချိန်မှာ မိုးတွင်းဖြစ်သည်။ နေလည်းမပူ၊ ဖုံလည်းမရှိ။ ကောင်းကင်သည် အမြဲတမ်း အုံ့မှိုင်း နေသည်။ သို့ရာတွင် အောက်အရပ်မှာလို သဲသဲမဲမဲလည်း မရွာ။ သစ်ပင်တို့က စိမ်းနေကြသည်။ လယ်ကွင်းတွေကလည်း စိမ်းနေ ကြသည်။ တောင်တွေကလည်း စိမ်းနေကြသည်။ ညောင်ပင်ဝန်းတံတားကို ကျော်လာတော့ တစ်ဖက်ထိပ်တွင် စားသောက်ဆိုင် အစုကလေး ရှိသည်။ ဆိုင်များများစားစား မရှိ။ ဆယ်ဆိုင်ခန့်လောက်သာ ရှိလိမ့်မည်။ နွားနို့၊ နို့ခဲကြော်၊ ချိုးကြော်၊ ခါသားကြော်၊ အမဲခြောက်ကြော်၊ လက်ဖက်ရည်၊ ထမင်း စသည့် စားသောက်ဖွယ်များ ရနိုင်သည်။ ကျွန်တော်တို့သည် ညောင်ပင်ဝန်းတံတားနှင့် တော်တော်လှမ်းလှမ်း တစ်နေရာသို့ ရောက်သည့်အခါတွင် ကားကို ရပ်လိုက်ကြပြန်သည်။ ကျွန်တော်တို့ ကားတွေအားလုံး စုံ သလောက် ဖြစ်နေပြီ။ ကျန်သည့်ကားများမှာ ယခုအချိန်လောက်ဆိုလျှင် မုံရွာသို့ရောက်သည့်ကား ရောက်လောက်ပြီ။ သို့ရာတွင် မင်းသားဇော်ဝမ်း၏ ကားက ယခုထက်တိုင် မပေါ်လာသေး။ သူ့ကားကိုစောင့်ရင်း ရှားပင်အုပ်အုပ်ကလေး အောက်တွင် ကျွန်တော်တို့ နားကြသည်။
ရှားပင်ကလေးတွေက သိပ်မကြီးကြသေး။ ဆယ်ပေခန့်လောက်သာ မြင့်သည့် ရှားပင်ပျိုလေးတွေ၊ ကျွန်တော်တို့ဘေးတွင် ဖရဲခင်း ကြီးတွေက မျှော်မဆုံးနိုင်။ ဤနေရာ တစ်ဝိုက်သည် မူးရေ ဆို့သောသက်ရသဖြင့် အမြဲစိမ်းစိုနေတတ်သည်။ ဆောင်းဆိုလျှင် ဆောင်းသီးနှံ၊ နွေဆိုလျှင် နွေပင်၊ မိုးတွင်းဆိုလျှင်လည်း သူ့ရာသီနှင့်သူ။ ရှားပင်ကလေးတွေကို မြင့်တော့ ကျွန်တော်ငယ်ငယ်က ပြောင်းမှုတ်၍ ချိုးထောင်သည်ကို အမှတ်ရသည်။ ကျွန်တော်တို့အညာတွင် ချိုးအုပ်များသည် ရှားပင်ကလေးတွေပေါ်မှာ အိပ်တန်း တက်လေ့ ရှိကြသည်။ ညနေစောင်း ချိုးတွေ အိပ်တန်းတက်ပြီဆိုလျှင် ကျွန်တော်တို့တစ်သိုက် လက်နှိပ်ဓါတ်မီးကိုယ်စီဖြင့် ချိုးဖမ်း ကြသည်။ တစ်ချို့က အပင်ပေါ် တက်ဖမ်းသည်။ လက်နှိပ်ဓါတ်မီးရောင်ကို မြင်လျှင် ချိုးတွေ မပျံတတ်တော့။ အသာကလေး တက်ဖမ်းရုံနှင့် သုံးလေးကောင်လောက်တော့ အေးအေးဆေးဆေး ရသည်။ လက်နှိပ်ဓါတ်မီး မပါလျှင်လည်း ကိစ္စမရှိ။ ထီးရိုးဝါး ရှည်ရှည်ထဲတွင် ကြက်တောင်တပ်ထားသည့် ဖဲထီးရိုးချွန်ချွန်ကို ထည့်၍ ပါးစပ်ဖြင့် မှုတ်ကြသည်။
ကျွန်တော်နှင့် ကိုသန်းတင်တို့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောနေကြတုန်း အေးအေးသင်းသည် ဖရဲသီးနှစ်လုံးပိုက်၍ ပြန်လာ သည်။ ဖရဲသီးကို ကားပေါ်တင်ပြီး ကျွန်တော်တို့ ခရီးဆက်မည်အပြု ဇော်ဝမ်းကားလည်း ရောက်လာသဖြင့် ကျွန်တော်တို့ကား နှစ်စီး မုံရွာဘက်သို့ ထွက်ခဲ့ကြသည်။
မုံရွာနှင့် ကျွန်တော့်ဇာတိ ပခုက္ကူသည် နယ်ချင်းစပ်နေသည့် ဒေသများဖြစ်သည်။ ထိုဒေသနှစ်ခု၏ နယ်နိမိတ်အဖြစ် ယမားချောင်းကြီး ကန့်လန့်ဖြတ်စီးနေသည်။ ယမား၏မြောက်ဘက် မုံရွာတစ်ဝိုက်ကို ကျွန်တော်တို့က ဗဂျီ(ဗန့်ဂျီ) ဟုခေါ်ပြီး ယမားတောင်ဘက် ပခုက္ကူဘက်ကို မုံရွာသားတို့က ပခန်းဟု ခေါ်ကြသည်။ မြန်မာမင်းများလက်ထက်က ဗန့်ဂျီတိုက်နယ်နှင့် ပခန်းတိုက်နယ်တို့သည် မြို့စား၊ ရွာစားတို့ အုပ်ချုပ်သည့် နယ်ကြီးများ ဖြစ်ခဲ့ကြသည်။ ထို့ကြောင့် မြို့ကလူများက မုံရွာ၊ ပခုက္ကူဟု ခေါ်ကြသော်လည်း ကျေးလက်ကမူ ဗန့်ဂျီ၊ ပခန်းဟု ယနေ့တိုင် ခေါ်နေကြသည်။
ကျွန်တော်တို့သည် လူစည်ကားသည့် ရေဦး - မုံရွာလမ်းမကြီးတစ်လျှောက် မောင်းလာပြီးနောက် ကမ်းနားဘက် ချိုးဆင်းခဲ့ကြ သည်။ မုံရွာမြို့ကို ကြည့်ချိန်မရ။ ယနေ့ည တစ်ဖက်ကမ်းသို့ ကူးကား ဖိုးဝန်းတောင်သို့ အရောက်သွားရမည်။ အချိန်သိပ်မရှိတော့။ နောက်ကျလျှင် ညောင်ပင်ကြီးဆိပ်သို့ ကူးသည့် မော်တော်ပိတ်သွားတော့မည်။
ကမ်းနားတွင် ကျွန်တော်တို့ကားတွေ ဆုံမိသည့်အခါ လူတွေပြည့်ကြပ်နေသည်။ ဇော်ဝမ်း၊ ဒေစီကျော်ဝင်းနှင့် အေးအေးသင်းတို့ကို လာကြည့်ကြခြင်း ဖြစ်သည်။ မိုးတွေ သဲသဲမဲမဲ ရွာချသည့်တိုင် ပရိတ်သတ်သည် ဇွဲကောင်းကောင်းနှင့် ကြည့်ကြသည်။ မိုးရွာကြီးထဲတွင် ကားတွေကို ဖောင်ပေါ်သို့ တင်ကြသည်။ ကျွန်တော်တို့အားလုံး စိုရွှဲလျက်။
လူစုံတော့ ကျွန်တော်တို့ တစ်ဖက်ကမ်းသို့ ကူးခဲ့ကြသည်။ မိုးထဲလေထဲတွင် ကူးရခြင်းဖြစ်သဖြင့် ကျွန်တော်တို့အားလုံး ကြွက်စုတ် ကလေးတွေလို ဖြစ်နေသည်။ တစ်ဖက်ကမ်းသို့ရောက်၍ လူစစ်ကြည့်တော့ မစုံသေး။ အရေးကြီးသည့် ဇာတ်လိုက်မင်းသားနှင့် မင်းသမီးတွေတော့ ပါလာပြီ။ သို့ရာတွင် ကင်မရာအဖွဲ့တို့၊ ဒါရိုက်တာအဖွဲ့တို့ ကျန်သေးသည်။ မုံရွာမြို့ထဲသို့ ဝင်ကြည့်နေကြဟန် တူသည်။ သူတို့ကို စောင့်မနေနိုင်ပါ။ ရောက်သမျှလူနှင့်ပင် ဖိုးဝန်းတောင်သို့ ခရီးဆက်ကြရသည်။ အားလုံးပေါင်း ကားငါးစီး။ လူကတော့ အပြည့်ပါမလာတော့။ သို့ရာတွင် မတတ်နိုင်။ သူတို့အစီအစဉ်ဖြင့် ကြံဖန်လိုက်လာကြလိမ့်မည်။ ညောင်ပင်ကြီးဆိပ်တွင် အငှားလိုက်သည့် ဂျစ်ကားတွေ၊ ဒေါ့ဂျစ်တွေ ရှိသည်။ ဈေးကမူ ခေါင်ခိုက်နေသည်။ ဓါတ်ဆီရှားပါးသည့်အတွက်ဟု ဆိုသည်။
ညောင်ပင်ကြီးဆိပ်သို့ ကျွန်တော်တို့ရောက်တော့ ည ၇ နာရီလောက် ရှိနေပြီ။ မိုးကလည်း ခပ်သဲသဲ ရွာနေသည်။ မိုးရွာထဲတွင် ကားများကို ခပ်ဖြည်းဖြည်း မောင်းနေကြရသည်။ ထိုအထဲတွင် ဤလမ်းကို မောင်းဖူးသည့် ကားဆို၍လည်း တစ်စီးမျှမပါ။ အားလုံး ရန်ကုန်က လိုက်လာသည့်ကားများ ဖြစ်သဖြင့် လမ်းကောင်းကောင်းလည်း မသိ။ လမ်းတွင် ယင်းမာပင်ဘက်မှ ဆင်းလာသည့် လှည်းများကို တွေ့သဖြင့် ဖိုးဝင်းတောင်လမ်းခွဲကို မေးကြရသည်။ အတော်မောင်းမိတော့ လက်ဝဲဘက်သို့ ချိုးသွားသည့် လမ်းခွဲတစ်ခုကို တွေ့သည်။ လမ်းထိပ်တွင် ဇရပ်အိုလေးတစ်ဆောင် ရှိသည်။
ကျွန်တော်တို့သည် လမ်းခွဲလေးအတိုင်း လိုက်လာခဲ့၏။ လမ်းက မြေနီလမ်း ရေတိုက်စားထားသဖြင့် မြောင်းတွေ၊ ကျင်းတွေ ဖြစ် နေပြီ။ တချို့တစ်နေရာတွင် လှည်းလမ်းကြောင်းကြီးများက မော်တော်ကားဝန်ရိုးထိအောင် နက်သည်။ ကားများကို လှည်းလမ်း ကြောင်းရာထဲသို့ ချမောင်း၍မရ။ လှည်းလမ်းကြောင်းပေါ်မှ ကျော်မောင်းရသည်။ ကျွန်တော်တို့သည် မှောင်ကြီးမည်းကြီးထဲတွင် မော်တော်ကားများကို တောင်ပေါ်က ဇရပ်များအရောက် မောင်းခဲ့ကြသည်။ တောင်ပေါ်တွင် မီးရှိသဖြင့် တော်သေးသည်။ ဘုရားမီးပူဇော်သည့် မီးစက်က တောင်ပေါ်က ဇရပ်များနှင့် ဖုန်းကြီးကျောင်းများ၊ သီလရှင်ကျောင်းများကို မီးသွယ်ပေးထားသည်။ ကျွန်တော်တို့ အဖွဲ့အတွက်လည်း စုစုပေါင်း ဇရပ်သုံးလုံးရသည်။ ဇရပ်တွေက ခေတ်မီဇရပ်တွေ။ အိပ်ခန်း၊ ထမင်းစားခန်း၊ ရေချိုးခန်း အပြည့်အစုံနှင့်။
မနေ့ညက အိပ်ရေးဝဝ အိပ်လိုက်ရသဖြင့် နံနက်တွင် ကြည်လင်စွာ အိပ်ရာမှ နိုးလာသည်။ ကျွန်တော် အိပ်ရာကနိုးတော့ ကိုသန်းတင့်တို့၊ မောင်လှဝေတို့တတေါ လက်ဖက်ရည်သောက်ပြီး၍ ကားရိုက်ရန် ပြင်ဆင်နေကြပြီ။ ဖိုးဝင်းတောင်လမ်းခွဲသို့ ဆင်း၍ ရိုက်ရမည်။ ရိုက်မည့်အခန်းက အေးအေးသင်း အဖိုးတန်ရတနာတစ်ခုကို တိတ်တဆိတ် သယ်လာစဉ် ဌေးဝင်းတို့ လူသိုက်က လမ်းမှ ဖြတ်၍ လုမည့်အခန်း။ သူ့ကားကို ဌေးဝင်းတို့ကားက နောက်မှ လိုက်။ အနားရောက်တော့ ရှေ့မှ ဆီးပိတ်၍ ရပ်။ ပစ္စည်းလု။ ထိုစဉ် ယင်းမာပင်မှ ကိစ္စတစ်ခုဖြင့် ပြန်လာသည့် ပိသုကာပညာရှင် ဇော်ဝမ်း ရောက်လာ။ အေးအေးသင်းကိုကယ်၊ လူဆိုများနှင့် သတ်ကြသည့်အခန်း။
ကျွန်တော်ကား ရုပ်ရှင်ရိုက်သည်ကို လိုက်ကြည့်သည့်အခါ ကြည့်သည်။ ရုပ်ရှင်လိုက်ရာသို့ မလိုက်သည့်အခါတွင် အနီးတစ်ဝိုက်က တောများသို့ လျှောက်လည်သည်။ ဖိုးဝင်းတောင်မကြီးကို တက်သည်။ ရွှေဘတောင်၊ ဖန်ခါးတောင် စသည်တို့ကို တက်သည်။
ဖိုးဝင်းတောင်တစ်ဝိုက် တောသည် ကျွန်တော်တို့ ပခုက္ကူဘက်မှ တောများနှင့် တော်တော်တူသည်။ မိုးခေါင်ရေရှားရပ်ဝန်းက တောများထုံးစံ ခံစပ်ချုံ၊ ဇီးခလောက်ချုံ၊ ပုတ်စမချုံစသည့် ဆူးပင်ငယ်များနှင့် ပြည့်နေသည်။ သစ်ပင်ကြီးကြီးမားမားဟူ၍ မရှိလှ။ တစ်နေရာတွင် သနပ်ခါးပင်ကျိုးတိုးကျဲတဲကို တွေ့ရတတ်သည်။ သန်းတော၊ ဒဟတ်တောထဲတွင် ဝင်ပေါက်နေသော သနပ်ခါးပင် ရိုင်းများ ဖြစ်၏။ ရန်ကုန်သူတို့အဖို့မူ ထိုသနပ်ခါးပင်ကို မက်ကြလိမ့်မည်။ သို့ရာတွင် အညာသူအဖို့ကား သီးခေါက်လို အခွံမာ၍ အပွေးထူလှသော သနပ်ခါးရိုင်းခေါက်ကို ကြိုက်ကြမည် မဟုတ်။ ရှင်မတောင်သနပ်ခါးလို အခွံပါးပါး၊ အပွေးပါးပါး သနပ်ခါးမျိုး ကိုမှ ကြိုက်ကြသည်။ ဖိုးဝင်းတောင်တောထဲက သနပ်ခါးပင်ကို မည်သူမျှ မခုတ်ကြခြင်းမှာ ထိုအကြောင်းကြောင့် ဖြစ်လိမ့်မည်ဟု ကျွန်တော် တွေးမိသည်။
ကျောက်စရစ်ကုန်းကလေးများပေါ်တွင် ယုန်လိုက်သည့် ယုန်စည်းများကို တွေ့ရသည်။ ယုန်လိုက်သည့် စည်းရိုးကလေးတွေက ခပ်နိမ့်နိမ့်။ ခြေကျင်းဝတ် သာသာလောက်မျှသာ ရှိလိမ့်မည်။ ယုန်စည်းရိုးကလေးတွေကို မြင်တော့ ငယ်ငယ်က ယုန်လိုက်ကြသည် ကို ကျွန်တော် အမှတ်ရပြန်သည်။ "တပေါင်းတန်ခူး၊ ယုန်ရူးသလို" ဆိုသည့် အင်္ဂလိပ်စကားတစ်ခု ရှိပါသည်။ မြူးတူးသည်ကို ပြောခြင်းလော၊ ကြောက်သည်ကို ပြောခြင်းလော။ မည်သည်ကို တင်စား၍ပြောသည့် ဥပမာစကားမှန်း ကျွန်တော် ကောင်းကောင်း မသိပါ။ သို့ရာတွင် ကျွန်တော်တို့ဆီက ယုန်များကမူ အလွန်ကြောက်တတ်ပါသည်။ ယုန်ဝပ်ရာကျင်းကိုတွေ့လျှင် ဘေးတစ်ဖက် တစ်ချက်တွင် စည်းရိုးနိမ့်နိမ့်လေးတွေကာပြီး လမ်းကလေးဖောက် စည်းရိုးလမ်းဆုံးထိပ်တွင် မီးအိမ်တစ်လုံးကိုင်ပြီး တုတ်နှင့် စောင့်၊ သို့မဟုတ်လျှင်လည်း စည်းရိုးလမ်းဆုံးထိပ်တွင် ပိုက်ထောင်။ နောက်က ခြောက်လှန့်ပေးလျှင် ကိုရွှေယုန်သည် ဘယ်ကိုမှ မပြေးတော့။ စည်းရိုးထိပ်က ရပ်စောင့်ပြီး တုတ်နှင့် ရိုက်ရုံသာရှိသည်။ ထိုစည်ရိုးကလေးကိုကျော်ပြီး လွတ်ရာကျွတ်ရာသို့ ထွက် ပြေးလျှင် ဖြစ်နိုင်သည်။ သို့ရာတွင် ယုန်သည် အလွန်ကြောက်တတ်သည်။ ရှုပ်သည့်လမ်းကို မသွား။ ရှင်းနေအောင် လုပ်ပေးထား သည့် လမ်းကိုမှ သွားရဲသည်။ သို့ဖြင့် ယုန်သည် ရှေ့ကထောင်ထားသည့် ညွှတ်ကွင်းတွင် အစင်းသားမိတော့သည်။
ကျွန်တော်သည် ယုန်လိုက်သည့် စည်းရိုးကလေးများကိုကျော်၍ ရွှေဘတောင်ဘက်သို့ လာခဲ့သည်။ ရွှေဘတောင်ဟု ဘာကြောင့်ခေါ်ကြောင်း ကျွန်တော်မသိ။ လမ်းတွင်တွေ့သည့် ထင်းခုတ်သမားများနှင့်တွေ့၍မေးကြည့်တော့ သူတို့လည်း ကောင်းကောင်းမသိကြ။ သမိုင်းနျင့်ချီ၍ မပြောနိုင်သည့်တိုင် ဒဏ္ဍာရီဆန်ဆန် ဝတ္ထုကလေးကိုမျှ မပြောနိုင်ကြ။
ရွှေဘတောင်က ဘုရားများ၊ စေတီများသည် တောင်ပေါ်တွင်တည်ထားခြင်းမဟုတ်။ တောင်ပေါ်က ချိုင့်ဝှမ်းကြီးတွေထဲတွင် တည်ထားခြင်းဖြစ်သည်။ ကျောက်လှေကားထစ်ကြီးတွေအတိုင်း ချိုင့်ဝှမ်းထဲသို့ဆင်းရသည်။ ဥမင်ကြီးတွေထဲသို့ဝင်ရသည်။ ကျောက်လှေကားထစ်များက တချို့နေရာများတွင် ကွေ့ကောက်နေသည်။ ဥမင်ကလည်း ကွေ့ကောက်ကာ ဝင်္ကဘာထဲသို့ ဝင်နေရသည့်နှယ်ရှိ၏။ သို့ရာတွင် မဲမှောင်ညစ်ပတ်ခြင်းမရှိပါ။ ဂေါပကလူကြီးများသည် ဥမင်များကို သန့်ရှင်းအောင်ပြုပြင် ထားကာ အထဲတွင် လျှပ်စစ်ဓာတ်မီးတွေ ထွန်းထားသည့်အတွက် လင်းနေသည်။
Via: "မြောက်ဘက်တောင်ကုန်းဒေသမှ အပြန် - မြသန်းတင့်" စာအုပ်မှ
Labels: yinmabin, yinmarbin, ယင်းမာပင်, လမ်းများ, အနုပညာ, အနုပညာလှုပ်ရှားမှု
| Permalink | Comments
| links to this post
![]()
ပေါက်ပင်ကူးဘုရားပွဲတော်
Thursday, January 22, 2009
မနက်ဖြန် (ပြာသိုလဆုန် ၁၃ ရက်[23-1-2009]) ဆိုရင် ယင်းမာပင်မြို့မှာ ပေါက်ပင်ကူးဘုရားပွဲတော် ကျင်းပမှာ ဖြစ်ပါတယ်။ ပေါက်ပင်ကူး မြို့ဦးစေတီတော်ဟာ ယခင်ပေါက်ပင်ကူးတံတားရဲ့အရှေ့ဘက်... ယခုလက်ရှိ ဆရာတော်ဦးဌေးယျ စတင်တည် ထောင်ခဲ့တဲ့ ပေါက်ပင်ကူးမြို့ဦး ဘုန်းကြီးကျောင်းရဲ့ မျက်နှာချင်းဆိုင်မှာ တည်ရှိပါတယ်။ ဆရာတော်ပျံလွန်တော်မူပြီးနောက်ပိုင်းမှ ပိုပြီးစည်ကားလာတဲ့ ဘုရားပွဲတော်လေးတစ်ခုလည်း ဖြစ်ပါတယ်။ ရှေးယခင်ကတော့ အခုလို သိပ်ပြီးလူသိမများလှသလို စည်ကားခြင်းလည်း မရှိလှပါ။ ဆရာတော်ဦးဌေးယျ၏ မြို့ဦးဘုန်းတော်ကြီးကျောင်းနဲ့ အတူ အခုနောက်ပိုင်းမှ စည်ကားလာသော ဘုရားပွဲလေးတစ်ခုဖြစ်ပါတယ်။
ရှေးယခင်ကတော့ ပေါက်ပင်ကူးမြို့ဦးစေတီတော်ဟာ ယင်းမာပင်မြို့နဲ့ အတော်အသင့် အလှမ်းဝေးသောနေရာမှာ ရှိပါတယ်၊ အခု နောက်ပိုင်း မြို့ဧရိယာ ကျယ်ပြန့်လာခြင်းကြောင့် အမှန်တကယ်ပင် မြို့ဦးစေတီတော် ဖြစ်လာခဲ့ပါတယ်။ တကယ်တမ်း ပြောရရင် ပေါက်ပင်ကူးမြို့ဦး စေတီတော် မရောက်မီမှာပဲ ဆီဆိုင်များ ရှိနေပါသေးတယ်။ မုံရွာဘက်ကနေ လာမယ်ဆိုရင် ပထမဆုံး ဓါတ်ဆီဆိုင်တွေကို အရင်တွေ့မြင်ရမှာဖြစ်ပြီး၊ ပြီးတော့မှ ပေါက်ပင်ကူးမြို့ဦးစေတီတော်နဲ့ ပေါက်ပင်ကူးတံတား၊ မြို့ဝင်ဆိုင်းဘုတ် ဆိုပြီး အစဉ်လိုက်တွေ့မြင်ရမှာ ဖြစ်ပါတယ်။
Labels: pagoda, yinmabin, yinmarbin, ကိုးကွယ်မှု့, ပွဲလမ်းသဘင်, ဘုရားများ, ယင်းမာပင်, သတင်း
| Permalink | Comments
| links to this post
![]()
ပေါက်ပင်ကူးမြို့ဦးဘုန်းကြီးကျောင်း
Wednesday, January 21, 2009
ယင်းမာပင်မြို့ကလေးမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်အချို့ ဟာ မြို့ကလေးရဲ့ ရိုးသားဖြူစင်မှုနဲ့အတူ ရယ်မောစရာတွေ လည်း ဖြစ်နေတတ်ပါတယ်.....။ ဒီအဖြစ်အပျက်ကလေးဟာ ကြာတော့ ကြာသွားပါပြီ....၊ ယခုပေါက်ပင်ကူးဘုရားပွဲတော်အကြောင်းကို ရေးရင်းနဲ့မှ ပြန်လည်အမှတ်ရလာလို့ ပြန်ပြောပြလိုက် တာပါ။ ပုဂ္ဂိုလ်ရေးဆိုင်ရာ နာမည်များအစား သူတို့ရဲ့တာဝန်များနဲ့သာ အစားထိုးပြီး ပြေပြသွားပါမယ်....။ဆရာတော်ဦးဌေးယျဟာ မုံရွာဇောတိကကျောင်းတိုက်ကနေ ယင်းမာပင်မြို့လေးကို ရောက်လာခဲ့တဲ့ ဘုန်းတော်ကြီးတစ်ပါး ဖြစ်ပါ တယ်၊ ဒါကြောင့် ကျွန်တော်တို့ရဲ့ အဘိုးအဘွားများဟာ ဆရာတော်ရဲ့ လက်စွဲတော်ဒကာ/ဒကာမအရင်းတွေ ဖြစ်ခဲ့ကြပါတယ်။ ဆရာတော်ဟာ မြို့လယ်က ပျက်ဆီးယိုယွင်းနေတဲ့ ဇောတိကဘုန်းကြီးကျောင်းတိုက်နဲ့ ရွှေစေတီဘုရားဝင်းကို ပြန်လည်ပြုပြင် စည်ကားစေခဲ့ပါတယ်။ ကျွန်တော်တို့ အရွယ်ရောက်လာချိန်မှာတော့ ရွှေစေတီဘုရားပွဲတော်ဟာ ယင်းမာပင်မြို့ရဲ့ အထင်ကရ ဘုရားပွဲတော် တစ်ခုဖြစ်နေပါပြီ။
ဆရာတော်ဦးဌေးယျဟာ ကျွန်တော်တို့အရွယ် လူငယ်တွေအတွက် ဆက်ဆံရေးကောင်းမွန်တဲ့ ဆရာတော်တစ်ပါးတော့ မဟုတ်ခဲ့ ပါ၊ ရှေးဘုန်းတော်ကြီးများရဲ့ ပုံစံအတိုင်း စကားနည်းခြင်း၊ "အခြားကိစ္စမရှိတော့ရင် ပြန်တော့လေ" လို့ မိန့်တော်မူတတ်ခြင်း စတဲ့အပြုအမူများကြောင့် အမြဲတမ်း ရှိန်နေခဲ့ရတဲ့ ဆရာတော်တစ်ပါးဖြစ်သလို သူ့ကျောင်းတိုက်မှ စာသင်သားသံဃာတော်များ ကလည်း ကြောက်ရွံရိုသေရတဲ့ ဆရာတော်တစ်ပါး ဖြစ်ပါတယ်။ ဒီလိုပြောလို့ ဆရာတော်ဟာ အမြဲဘုဂလန့်ကျနေတဲ့ ဆရာတော် တစ်ပါးလား ဆိုတော့လည်း.... အဲလိုလည်း မဟုတ်ပါ၊ ဆရာတော်ဟာ ယင်းမာပင်မြို့လေးကို စည်ကားလာအောင် စွမ်းဆောင်နိုင် ခဲ့သူများထဲမှာ တစ်ဦးအပါအ၀င်လည်း ဖြစ်ပါတယ်။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (ဘ.က) ကိုလည်း သူ့ကျောင်းတိုက် ထဲမှာ ဖွင့်လှစ်ခဲ့သလို "စိမ်းလန်းသစ်ပင် စာကြည့်တိုက်" ဖွင့်လှစ်ဖို့အတွက်လည်း သူနေထိုင်တဲ့ ကျောင်းဆောင်ကို ပေးခဲ့တဲ့ ဆရာတော်လည်း ဖြစ်ပါတယ်။
ဆရာတော်ဟာ ဒီလို ဘ.က ကျောင်းနဲ့ စိမ်းလန်းသစ်ပင် စာကြည့်တိုက်တွေ ဖွင့်လှစ်လိုက်ပြီးနောက် လူတွေအ၀င်အထွက် များလာတာကို မကြိုက်လို့လားတော့ မသိပါ၊ မြို့လယ်က ဇောတိကကျောင်းတိုက်ကနေ စာသင်သားကိုရင်ငယ် ဆယ်ပါးလောက် နဲ့ ပေါက်ပင်ကူးမြို့ဦးဘုန်းကြီးကျောင်းဆီကို ပြောင်းရွှေ့သွားပါတယ်။ ထိုစဉ်အချိန်ကတော့ မြို့ဦးဆိုပေမယ့် တကယ့်ကို မြို့နဲ့အလှမ်းဝေးပါသေးတယ်၊ ပြီးတော့ ဘုန်းကြီးကျောင်းဆိုတာကလည်း ထန်းလက်တဲလေးနှစ်လုံးသာ ဖြစ်ပါတယ်။ တစ်လုံးမှာ ဆရာတော်စံမြန်းပြီး နောက်တစ်လုံးမှာတော့ စာသင်သားကိုရင်ငယ်များနဲ့ အခြားပစ္စည်းအနည်းငယ်တို့ ရှိပါတယ်။ ရေအတွက် ရေတွင်းတူးထားတာမျိုးလည်း မရှိ၊ မီးအတွက်လည်း လျှပ်စစ်မီးမရှိ၊ ဖယောင်းတိုင်ထွန်းပြီး နေသည်။ ဘုန်းကြီးကျောင်းလို့ ဆိုပေမယ့် တကယ်က ထန်းလက်တဲနှစ်ခုသာ ဖြစ်ပါတယ်။
နောက်ပြီး... ဆရာတော်ခေါ်ယူထားတဲ့ စာသင်သားကိုရင်ငယ်များမှာလည်း ပအို့(၀်)လူမျိုးများဖြစ်ပြီး မြန်မာစကားကို ပီသအောင် မပြောတတ်သေး၊ အရွယ်အားဖြင့်လည်း အတော်ငယ်လွန်းသည်၊ ငါးနှစ်မှ ဆယ်နှစ်အတွင်း အရွယ်လေးတွေချည်း ဖြစ်သည်၊ ဆရာတော်ကတော့ နေလို့ ဖြစ်ပုံရသည်.....။ ဒီလိုနဲ့ တစ်နေ့တော့ ပအို့(၀်)စာသင်သားကိုရင်ငယ်များ ညအချိန် ဖယောင်းတိုင် ထွန်း၍ စာကြည့်ရင်း အိပ်ပျော်သွားပုံရသည်။ ကိုရင်ငယ်များနေသော ထန်းလက်ကျောင်းဆောင်တစ်ခုလုံး မီးထဲ ပါသွားတော့ သည်။ တော်သေးသည်. . . ၊ ကိုရင်ငယ်များအားလုံး မီးထဲက ထွက်ပြေးလာနိုင်ပြီး ဆရာတော်နေသော ကျောင်းဆောင်ကို (အနည်းငယ်အလှမ်းဝေး၍) မီးမကူးသွားခြင်းဖြစ်သည်။ သို့သော်လည်း ဘုန်းကြီးကျောင်းတစ်ကျောင်းလုံးမှာ ပိုင်ဆိုင်သည့် ပစ္စည်းများအားလုံး မီးထဲပါသွားလေသည်။ ဆရာတော်လည်း ကိုရင်ငယ်များကို မနည်းလွတ်အောင်ဆွဲခေါ်ရင်း အော်ငေါက်လိုက်ပုံ ရသည်။ ကိုရင်ငယ်များအားလုံးကို ထိုညမှာ သူ့ကျောင်းလေးထဲ ထိုးသိပ်ပြီး အိပ်ခိုင်းလိုက်ရသည်၊ မနက်မိုးလင်းတော့ ကိုရင်ငယ် များ တစ်ပါးမှ မရှိတော့ . . .။
ပုံမှန်အားဖြင့် ကိုရင်ငယ်များ စောစောထ၍ ဘုန်းကြီးကျောင်းသန့်ရှင်းရေးလုပ်သူလုပ်... အရုဏ်ဆွမ်းချက်သူချက်... ပြီးလျှင် ဆွမ်းခံထွက်ကြသည်။ အခု ဆွမ်းချက်ဖို့လည်း ဘာပစ္စည်းမှမရှိတော့၊ ဆွမ်းခံဖို့လည်း အချို့ကိုရင်များမှာ အိပ်နေရာမှ အတင်းနှိုးပြီး ခေါ်လာရ၍ အပေါ်ပိုင်းသင်္ကန်းပင် မရှိကြ။ တစ်ပါးမှမရှိတော့သော ကိုရင်ငယ်များ ဘယ်ရောက်နေသည်ဟု ထင်ပါသလဲ...၊ ကိုရင်များအားလုံး မြို့နယ်ရဲစခန်းသို့ ရောက်နေကြခြင်းဖြစ်သည်။ မနက်လင်းလင်းချင်း ကိုရင်ဆယ်ပါးလုံး ရဲစခန်းသို့ ချီတက်သွား ပြီး သူတို့ကြောင့် ကျောင်းဆောင် မီးလောင်သွားကြောင်းနှင့် "ဘုန်းကြီးက သွားအဖမ်းခံလို့ ပြောလို့... လာ အဖမ်းခံတာပါ" ဟု မပီမသ ပအို(၀်)သံများဖြင့် ၀ိုင်းပြောလေသည်။ ရဲတွေလည်း ဘာလုပ်ရမှန်း မသိတော့၊ ဆရာတော်၏ကိုရင်တွေမှန်း သိသော စခန်းမှူးလည်း အပြေးအလွှား ရောက်လာရတော့သည်။
စခန်းမှူးက မေးလိုက်. . . ၊ ကိုရင်ငယ်များက ပအို့(၀်)သံဝဲဝဲဖြင့် ရှင်းပြလိုက်နဲ့ ယင်းမာပင်မြို့နယ်ရဲစခန်းတစ်ခုလုံး အလုပ်တွေ တော်တော် ရှုပ်သွားလေသည်၊ နောက်ဆုံးမှာတော့ အကြောင်းရင်းမှန်ကို စခန်းမှူး ရိပ်စားမိလိုက်ပြီး ကိုရင်ငယ်များအတွက် သင်္ကန်းပရိက္ခရာများ၊ အသုံးအဆာင်ပစ္စည်းများနှင့် အတူ ကိုရင်ငယ်များအား ဘုန်းကြီးကျောင်းသို့ ပြန်ပို့ရင်း လှူဒါန်းလိုက်ရလေ တော့သည်။ ထိုအကြောင်းကိုကြားသော တစ်မြို့လုံးက ဒကာ/ဒကာမတွေလည်း ဘုန်းကြီးကျောင်းရှိရာသို့ ကိုယ်စီသွား၍ တတ်နိုင်သမျှ လှူဒါန်းရတော့သည်။ ကျွန်တော့်အဘိုးကတော့ "တို့ဆရာတော်ကတော့ ရဲစခန်းတောင် အလှူခံလွှတ်တတ်တယ်..." လို့ ပြော,ပြောပြီး ရယ်နေတတ်ပါတယ်။ ဆရာတော်ကတော့ ညတုန်းက စိတ်တို့လို့ ပြောလိုက်တာလို့ မိန့်တော်မူပါတယ်...။
ဘာပဲပြောပြော... မှတ်မှတ်ရရ ပြောစရာလေး တစ်ခုတော့ ဖြစ်သွားခဲ့ပါတယ်၊ အခုအချိန်မှာတော့ ကျွန်တော့်အဘိုးလည်း မရှိတော့သလို ဆရာတော်ဦးဌေးယျလည်း ပျံလွန်တော်မူသွားပြီ ဖြစ်ပါတယ်။ ဆရာတော် အစပျိုးတည်ထောင်ခဲ့တဲ့ ပေါက်ပင်ကူး မြို့ဦးဘုန်းကြီးကျောင်းလေးလည်း ယခုအခါ လျှပ်စစ်မီးတပ်ဆင်ထားသော အုတ်ကျောင်းဆောင်၊ အုတ်တံတိုင်းကာတွေနဲ့ ဖြစ်နေပါပြီ။ ဆရာတော်ရဲ့ ပေါက်ပင်ကူးမြို့ဦးဘုန်းကြီးကျောင်းနဲ့အတူ ပေါက်ပင်ကူးဘုရားပွဲတော်လေးပင် အတန်အသင့် စည်ကားနေပြီ ဖြစ်ပါသည်။
With deepest respects,
Daywalker( စိုးလှိုက်ဦး )
Labels: pagoda, yinmabin, yinmarbin, ကိုးကွယ်မှု့, ထူးချွန်သူတွေ, ဘုရားများ, ယင်းမာပင်, အမှတ်တရ
| Permalink | Comments
| links to this post
![]()
မိုးတိမ်များ
Tuesday, January 20, 2009
တိမ်တွေမှာ
အိမ်ရှိသလား
မေမေ။
မျောချင်ရာမျောပြီး
လွင့်ချင်ရာလွင့်နေတာ
သူတို့ ကမ္ဘာလား။
အခုပဲ တွေ့လိုက်တယ်
နဂါးလိုလို ကျားလိုလို
အခုပဲ တွေ့လိုက်တယ်
သမင်လိုလို ဆင်လိုလို။
အဲသလို
ကောင်းကင်ပြာပြာမှာ
တိမ်တွေ
ခပ်သာသာ ရွေ့နေတာ
ကြည့်ကောင်းရဲ့ မဟုတ်လား မေမေ။
ခုတော့
ကျွန်တော် သိလာခဲ့ပြီ။
မေမေ
တိမ်တွေမှာ
အိမ်မရှိဘူး။
+ ညီမင်းညို +
Via: အင်တာနေရှင်နယ် မဂ္ဂဇင်း (ဒီဇင်ဘာ၊ ၂၀၀၈)
Labels: poem
| Permalink | Comments
| links to this post
![]()
Yinmarbin Wallpapers
Monday, January 19, 2009
မနေ့ညက သူငယ်ချင်းတစ်ယာက် Photoshop Learning ခွေလာငှားတာနဲ့ သူ့ကိုပြန်ရှာပေးရင်း Wallpaper လေးတွေ လုပ်ဖြစ် သွားတယ်။ အရင်တစ်နေ့ကတည်းက လက်ဆော့ထားတာ... အရောင်တွေက မွဲခြောက်ခြောက်နဲ့မို့ မကျေနပ်လို့ ထပ်ကလိရင်းနဲ့ ဖြစ်လာတာလေးတွေပါ။ Desktop background အတွက် အဓိကရည်ရွယ်ပြီး လုပ်ထားခြင်းဖြစ်ပါတယ်၊ လိုချင်တဲ့သူများ အောက်မှာ ဒေါင်းလုဒ် ရယူနိုင်ပါတယ် -
Download: Yinmarbin Wallpaper(Green 1) | Yinmarbin Wallpaper(Green 2)


Download: Yinmarbin Wallpaper(White 1) | Yinmarbin Wallpaper(White 2)


Download: Yinmarbin Wallpaper(Blue Blur) | Yinmarbin Wallpaper(Flowers)
Labels: download, photo, yinmabin, yinmarbin, ယင်းမာပင်
| Permalink | Comments
| links to this post
![]()
အခုတလော ဘာတွေလုပ်ဖြစ်....
Saturday, January 17, 2009

"အလင်းနစ်" ဆိုလို့ အဆိုတော် "လင်းနစ်" (ဒီဇင်ဘာည သီချင်းကို သီဆိုသော...) နဲ့ လူချင်းမမှားစေလို့ပါ၊ ကျွန်တော်ပြောတဲ့ "အလင်းနစ်" က ယင်းမာပင်မြို့မှ တေးရေးဆရာလက်သစ်လေးပါ။ သူ့နာမည်ရဲ့အဓိပ္ပါယ်က ကြယ်တွေရဲ့အကွာအဝေးကို တိုင်း တာတဲ့ ယူနစ် 'အလင်းနစ်' ကို ယူထားတာလို့ ပြောပါတယ်....။ သူ့သီချင်းအားလုံး ကိုယ်ပိုင်သံစဉ်များဖြစ်ပြီး မူပိုင်ခွင့်ဆိုင်ရာကိစ္စ များအတွက် ခွင့်ပြုချက်တောင်းခံကြပါရန် တောင်းဆိုထားပါတယ်။ အကယ်၍ အသုံးပြုလိုပါက ကျွန်တော့်ဆီကို ဆက်သွယ်နိုင်ပါ တယ် ....။
ကျွန်တော့်ရဲ့ ယင်းမာပင်ဘလော့လေးမှာ ရေးသားထားသမျှကို အကြောင်းအရာအလိုက် တစ်စုတစ်စည်းတည်း ဖတ်နိုင်အောင် ထပ်ဖြည့်ပြီး လုပ်ပေးထားပါတယ်။ ကျွန်တော့်စိတ်ကြိုက် ရှားပါးသီချင်းလေးအချို့ကိုလည်း တင်ပေးထားပါတယ်။ နောက်...လင့် တွေ အနေနဲ့လည်း ကျွန်တော်သိသလောက် အညာအသိုင်းအ၀ိုင်းလင့်များနဲ့ သွားရောက်လေ့လာသင့်တဲ့ စာမျက်နှာလေးများကို ချိတ်ပေးထားပါတယ်။ ယင်းမာပင်ဘလော့ရဲ့ Template က Classic HTML အဆင့်မှာပဲ ရှိသေးလို့ နောက်ပေးတဲ့ service တွေကို အလွယ်တကူနဲ့ ထည့်မရဘူးဗျ....၊ နည်းနည်း ခေါင်းရှုပ်ရတယ်။ ဒါပေမယ့် အခုနောက်ပိုင်း ကျော်ရတာခက်လာတော့ Classic Template က ပိုတောင်ကောင်းနေသလိုပဲ... ပြင်ရတာ နည်းနည်းရှုပ်ပေမယ့် ကျော်ပြင်ရတာမှာ လွယ်နေတယ်...။
နောက်... ယင်းမာပင်ပုံလေးတွေနဲ့ PhotoShow.exe , Wallpaper စတာလေးတွေလည်း ကလိဖြစ်နေပါတယ်။ အောက်မှာ ဒေါင်းလုဒ် ရယူနိုင်ပါတယ် -
Download:Yinmarbin Photo Show.exe | Yinmarbin Wallpaper
ယင်းမာပင်ကနေ ပေါ်ထွက်လာခဲ့တဲ့ ထူးချွန်သူတွေအကြောင်းကိုလည်း တစ်ချိန်ချိန်မှာ အသေးစိတ်တင်ပြဖို့ စိတ်ကူးထားပါတယ်၊ မုံရွာနဲ့ ပတ်ဝန်းကျင်ဒေသများ အကြောင်းကိုတော့ အလျင်းသင့်သလို ရေးဖြစ်သွားမယ် ထင်ပါတယ်။ လောလောဆယ်တော့ ကျွန်တော့်လက်ထဲကို ယင်းမာပင်မြို့ရဲ့ဓါတ်ပုံလေးတွေ "ဒုက္ခာဦး" ရိုက်ယူပေးလာလို့ အဲဒီအကြောင်းကိုပဲ ဦးစားပေး ရေးဖြစ်နေပါ တယ်...။ ဟဲ... ဟဲ... ဓါတ်ပုံလေးတွေကြည့်ပြီး နည်းနည်း စားမြုပ်ပြန်ကြည့်နေတာပါ။
လာရောက်ဖတ်ရှုကြသူ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။
With deepest respects,
Daywalker( စိုးလှိုက်ဦး )
| Permalink | Comments
| links to this post
![]()
မှားနေတာလား ယင်းမာပင်
Friday, January 16, 2009
ကျွန်တော်တို့ ယင်းမာပင်မြို့ကလေးဟာ ယင်းမာပင်ကြီးတစ်ပင်ရှိတာကို အစွဲပြုပြီး မှည့်ခေါ်ခဲ့တာဖြစ်တယ်လို့ ရှေးလူကြီးသူမများ က ဆိုပါတယ်၊ ကျွန်တော်လည်း မလေ့လာဘူး၍ သေချာတော့မသိပါ။ ဟုတ်ပါပြီ.... ယင်းမာပင်ကြီးတစ်ပင်ရှိလို့ "ယင်းမာပင်မြို့" လို့ မှည့်ခေါ်တယ်လို့ပဲ ထားကြပါစို့။ ယင်းမာပင်ကို "ရင်းမာပင်" လို့ စာလုံးပေါင်းသလား၊ "ယင်းမာပင်" လို့ စာလုံးပေါင်းသလား ဆိုတာကို နေ့အိပ်မက် ဆိုတဲ့ ဘလော်ဂါမလေးတစ်ယောက်က မေးလာလို့ ရှာကြည့်မိတော့ "ရင်းမာပင်"လို့ စာလုံးပေါင်းထားတာ တွေကို တွေ့လာရပါတယ်။ ဒီတော့ စဉ်းစားစရာက ကျွန်တော်တို့မြို့လေးရဲ့အမည်ဟာ စားလုံးပေါင်းမှားနေတာများလားပေါ့...??
မြန်မာလူမျိုးတွေရဲ့ အစဉ်အလာဆိုရိုး တစ်ခုရှိပါတယ်၊ "ရာသီမသိ ပန်းနဲ့ညှိ" ဆိုတာလေ...။ ရာသီရဲ့ အမည်ကို ပွင့်သောပန်းများနဲ့ ယှဉ်ကြည့်ပြီး အလွယ်တကူသိနိုင်ပါတယ်၊ ဒါနဲ့ပတ်သက်ပြီး မြန်မာကဗျာတွေ များစွာရှိတဲ့အထဲက ကင်းဝန်မင်းကြီးရဲ့ "ဆယ့်နှစ်လ ရာသီပန်း" ကဗျာဟာ ထင်ရှားပါတယ်။
ပန်းကံ့ကော် ရွှေ စံကားအနီရောင်စာလုံးလေးတွေနဲ့ ပန်းအမည်တွေဟာ ဆိုင်ရာ "တန်ခူး၊ ကဆုန်" စတဲ့ လတို့နဲ့တွဲယူရမှာဖြစ်ပြီး မည်သည့်ပန်းပွင့်လျှင် မည်သည့်လဖြစ်ကြောင်း သိရမှာဖြစ်ပါတယ်။ ဒီနေရာမှာ ကဗျာစာဆိုတစ်ဦးနဲ့တစ်ဦး အာဘော်ချင်း မတူတာလေးတွေတော့ ရှိပါ တယ်၊ အချို့က ၀ါဆိုလမှာ သရဖီပန်းလို့ ပြောကြပြီး အချို့ကလည်း သရဖီပန်းကို တပေါင်းလမှာပွင့်တယ်လို့ ဆိုပါတယ်။ ယေဘူယျ အားဖြင့်တော့ အောက်ပါအတိုင်း မှတ်သားနိုင်ပါတယ် -
ငွေသားနု စံပယ် မှန်။
မုလေး၊ ခတ္တာ နှင့်
ရွှေရင်းမာ* ၊ ကြာ ခ၀ဲ
ဖွဲ စ နှင်းလျှံ၊
သဇင် ကျန်
ခွာတန် နှင့် ပေါက်လဲ။
ပွင့်ဝတ်ကယ် ရွှေ ဖီမင်း
သင်းထုံနံ့ကဲ။
၁။ တန်ခူး - ကံ့ကော်ပန်း၊ ရင်ခတ်ပန်းဒါနဲ့ ဆက်ရှာကြည့်တော့.... တော်သလင်းလနဲ့ ပတ်သက်ပြီး ရေးဖွဲ့တဲ့ ကဗျာလေးတစ်ပုဒ်မှာလည်း ဒီလိုတွေ့ရပါတယ် -
၂။ ကဆုန် - စံကားပန်း၊
၃။ နယုန် - စံပယ်ပန်း၊ မုလေးပန်း
၎။ ၀ါဆို - ပုန်းညက်ပန်း
၅။ ၀ါခေါင် - ခတ္တာ
၆။ တော်သလင်း - ရင်းမာပန်း *
၇။ သီတင်းကျွတ် - ကြာမျိုးငါးပါး
၈။ တန်ဆောင်မုန်း - ခ၀ဲပန်း
၉။ နတ်တော် - သဇင်ပန်း
၁၀။ ပြာသို - ခွာညိုပန်း
၁၁။ တပိုတွဲ - ပေါက်လဲပန်း
၁၂။ တပေါင်း - ပိတောက်ပန်း၊ သရဖီပန်း၊ အင်ကြင်းပန်း
ဟုတ်ပါပြီ. . . ကျွန်တော် ဒါတွေ လျှောက်ပြောနေလို့ ရှေ့ကပြောနေတဲ့အကြောင်းအရာနဲ့ လွဲနေပြီလို့ ထင်နေမလားပဲ၊ မဟုတ်ပါ ဘူး...၊လွဲလည်း မလွဲပါဘူး။ သတိထားမိကြမလား မသိဘူး၊ ယင်းမာပန်းကို "ရင်းမာပန်း" လို့ စာလုံးပေါင်းထားတာလေ...။ ဒီမှာ တင်... တော်တော်လေးကို စိတ်ညစ်သွားတယ်၊ ကျွန်တော်တို့မြို့နာမည်က အမှားကြီးပါလားလို့ သိလိုက်ရလို့ပေါ့။ စိတ်ကတော့ မလျှော့သေးဘူး၊ ခေတ်အဆက်ဆက်ကတည်းကရှိခဲ့တဲ့ ဗန့်ဂျီနယ်ထဲက အထင်ကရမြို့ပဲ...ဘာမှ မှားစရာအကြောင်း မရှိပါဘူး။
သစ်ဆင်းရယ်တဲ့ လမာသာ။
မြစ်လုံးငယ် ဆူညံလို့
လှော်တက်သံ လှေပြိုင်ပွဲငယ်
နွှဲပျော်ကြရှာ။
ယုန်ရထား အိမ် သီတလမှာတဲ့
ပုဏ္ဏဒိန် ကြည်ကြည်ပပါလို့
မည်ဘဒြ ကြယ်ပြုဗ္ဗာ
ယှည်လာ၍ ပြည့်ဝန်း။
ဒွါဒရာ
ငှက်ဗျိုးင်းတာရာနှင့်
ရွေရင်းမာ* ငုံပွင်ကင်းကြတယ်
သင်းတဲ့ သည်ပန်း။
ဒါနဲ့ ထပ်စဉ်းစားစရာ ဖြစ်လာတယ်၊ ကဗျာထဲက "ရင်းမာပန်း"ဟာ အခြားတစ်မျိုးလားလို့ပေါ့။ "ရင်းမာပန်း"အကြောင်း ရှင်းထား တာကို ဆက်ပြီးရှာဖြစ်တယ်။ အောင်မလေ...လေး!!! တော်သေးတာပေါ့၊ ကင်းဝန်မင်းကြီး ကယ်ပေလို့....။ ဒါကြောင့် မင်းတုန်းမင်းကြီးက သူမသိဘဲ ကင်းဝန်မင်းကြီးကိုသတ်ပစ်လိုက်တော့ "လူကို ခွေးသတ်လေခြင်း"လို့ ပြောခဲ့တာဖြစ်မယ်။ ဒါဆိုရင် "ရင်းမာပန်း" ဆိုတာ အခြားတစ်မျိုးလား၊ မဟုတ်ပါ... "ရင်းမာပန်း" ပွင့်တဲ့ ရင်းမာပင် ဆိုတာ ဘယ်လိုအပင်မျိုးလဲဆိုတာကို အောက်ပါအတိုင်း ရှင်းပြထားပါတယ် -
ရင်းမာသည် ခြောက်သွေ့၍ မိုးပါးသောအရပ်၌ ပေခြောက်ဆယ် အမြင့်အထိပေါက်သော အပင်ကြီးမျိုးဖြစ်သည်။ ရင်းမာရွက်၌ ငှက်မွှေးသဏ္ဍန် အရွက်များ ရှိသည်။ ရင်းမာပန်းသည် အခိုင်လိုက်ပွင့်သော ပန်းဖြစ်သည်။ နံ့သာရောင်နှင့် အဖြူရောင်ဟူ၍ နှစ်မျိုးရှိရာ အဖြူ၌ စိမ်းလဲ့လဲ့ အရောင်သန်းသည်ဟု ဆိုသည်။ ရင်းမာကို ကသာနှင့် မြစ်ကြီးနားခရိုင် တို့၌သာ အများဆုံးတွေ့ရသည်။ အောက်ပြည်အောက်ရွာ၌ တွေ့ရန်ခဲယဉ်းသည်။ ကင်းဝန်မင်းကြီးက "ယင်းမာ" ဟု ရေးသော်လည်း ယခုအခါ "ရင်းမာ" ဟူသော အရေးအသားသည် အတည်ဖြစ်နေလေပြီ။ကဲ ဟုတ်သွားပြီနော်...၊ ကျွန်တော်တို့ မြို့နာမည်ဟာ လုံးဝမမှားပါ။ အခုခေတ်မှာ 'ရင်းမာ' လို့ အတည်ဖြစ်ပေမယ့် ကျွန်တော်က တော့ ကင်းဝန်မင်းကြီးရေးခဲ့တဲ့ "ယင်းမာ" ကိုပဲ အတည်ပြုလက်ခံပါတယ်။ ခင်ဗျားတို့ရော...ဘယ်လိုလဲ၊ သဘောတူတယ်မို့လား။ သဘောတူရင် လက်ခုတ်လေးဘာလေး ၀ိုင်းတီးကြလေဗျာ.... :D/ (ပျော်တယ်ဗျို့၊ ကျွန်တော်တို့ မမှားဘူးရယ်....)
Labels: history, yinmabin, yinmarbin, ယင်းမာပင်, သမိုင်း
| Permalink | Comments
| links to this post
![]()
သူတို့ ကဗျာလေးတွေ...
Monday, January 12, 2009
"ကျနော်ရဲ့ ဇာတိမြို့လေး"
ကျနော့ဇာတိမြို့လေးမှာ ကျနော်နေတုန်းကပေါ့ . . . .
Nike, Giordano, Crocodile တွေမသိဘူး။
ကျနော်သိတာက . . . .
အဖေကိုယ်တိုင် ချုပ်ပေးတဲ့ ရှပ်အင်္ကျီလေး နဲ့
သဲတောဝမ်းတွင်းက ထွက်တဲ့ လုံချည်တွေပဲသိတယ်။
Toyota, Mzada, Nissan, Suzuki ဆိုတဲ့ ကားတွေမသိဘူး။
ကျနော်သိတာက........
နွားတစ်ရှဉ်းဆွဲတဲ့ နွားလှည်း နဲ့
မြင်းတစ်ကောင်ဆွဲတဲ့ မြင်းလှည်းပဲသိတယ်။
Telephone, Handphoneတွေ မသိဘူး။
ကျနော်သိတာက . . . .
၇ အိမ်ကြား ၈အိမ်ကြား အော်သံတွေနဲ့
"ရွာအနောက်ပိုင်းကို ညည်းရောက်ရင်
သာလှကို အိမ်ကိုလာဖို့ပြောပေးပါ" ဆိုတဲ့
လှမ်းမှာသံတွေပဲကြားရတယ်။
VCD, DVD, TV, Internet တွေ မသိဘူး။
ကျနော်သိတာက . . . .
သူကြီးအိမ်က ၁၄ လက်မ Black and White TVလေးပါပဲ။
ဘာဂါ၊ ပီဇာ၊ ဒိုးနပ်တွေ မသိဘူး။
ကျနော်သိတာက . . . .
အရီးလေးရဲ့ ဘိန်းမုန့် နဲ့ မုန့်ပျားသလက်ပါပဲ။
မနက်စာအဖြစ်စားကြတဲ့
ပေါင်မုန့်ကြက်ဥကြော် နဲ့ ကော်ဖီ ကို မသိဘူး။
ကျနော်သိတဲ့ . . . .
မနက်စာကတော့ မနေ့ညက ကျန်တဲ့
ထမင်းကြမ်းကို ပဲပေါင်း နဲ့ စားတာပါပဲ။
လျှပ်စစ်မီး၊ အင်ဗက်တာ မသိဘူး။
ကျွန်တော်သိတာက . . . .
လပြည့်ည နဲ့ ရေနံ့ဆီနီးခွက်လေးပါပဲ။
အဲယားကွန်း၊ ရေခဲသတ္တာတွေ မသိဘူး။
ကျနော်သိတာက . . . .
သင်ဖြူးဖျာလေး နဲ့ မြေအိုးလေးထဲက ရေလေးတွေပါပဲ။
ကျနော့ဇာတိမြို့လေးမှာ ကျနော်နေတုန်းကပေါ့ . . . .
ရိုးသားခြင်းတွေ၊ ရိုင်းပင်းကူညီခြင်းတွေ သိတယ်။
အခု ဟန်ဆောင်ခြင်း နဲ့ ကောက်ကျစ်ခြင်းတွေကို
ရင်းနှီးကျွမ်းနေတယ်။
အခု ကျနော်မသိတာတွေ သိတယ်။
ပဲပေါင်း=ပဲပြုတ် (ပျဉ်းမနားက ပဲပြုတ်ကိုပဲပေါင်း ဟုခေါ်ပါသည်။)
+ ဖိုးဂျယ် +
Via: http://www.jeljel-lay.co.cc (ဖိုးဂျယ်)
"ဥရောပရောက် အညာသား"
အမ်......
ဒါ နွေတဲ့ လား.....
စကားမများချင်လို့ နော်
ကြိုက်သလိုပြောကြ
ဖုန်လုံးကြီးတွေ မတွေ့ သမျှ
ကျုပ်က.....
နွေဆိုတာ ယုံကိုမယုံတာ။ ။
+ သစ်နက်ဆူး (အညာကို လွမ်းတာ မခံစားနိုင်လို့ ) +
Via: http://thitnetsue22.blogspot.com (သစ်နက်ဆူး)
Update[15-1-09]: ဒီကဗျာလေးကတော့ နောက်မှထပ်တွေ့မိလို့ ပေါင်းထည့်လိုက်ပါတယ်။
Via: http://sitagustar.com (သီတဂူ)
Labels: poem
| Permalink | Comments
| links to this post
![]()
ပုန်းချောင်း
Sunday, January 11, 2009
ပုန်းချောင်း(ဗုန်းချောင်း ဟု အသံထွက်ပါတယ်) ဟာ ယင်းမာပင်မြို့လယ်ခေါင်ကနေ ဖြတ်သန်းပြီး စီးဆင်းလျှက်ရှိပါတယ်၊ ဟိုး... အရင်ကတော့ ရေစီးလည်း တော်တော်သန်သလို အတော်လည်းနက်တာကို မှတ်မိနေပါတယ်။ အခုတော့ မြောင်းအနေအထား လောက်သာ ရှိပါတော့တယ်၊ ရေကြီးတာတွေ ဘာတွေတော့ မိုးရာသီမှာ (တစ်ခါတစ်ရံ) ဖြစ်တတ်ပါတယ်။ ဒါကလည်း ဖြစ်တောင့် ဖြစ်ခဲပါပဲ.....၊ ကျွန်တော်တို့ ကျောင်းသားဘ၀တုန်းကတော့ ခဏခဏကြုံရပါတယ်။ ရေကြီးလာရင်.... အ.မ.က(၁)ထဲထိတောင် ရေတွေ ရောက်တတ်ပါတယ်။
အဲလို... ရေကြီးပြီဆိုရင် ရေကူးကျွမ်းတဲ့ကောင်တွေက သံတံတားကြီးပေါ်ကနေ ဒိုင်ဗင်ပစ်ချကြပါတယ်၊ ကျွန်တော်တို့ကတော့ သွားကြည့်ကြတာပေါ့။ အဲလိုရေကြီးတဲ့အချိန်မှာ အခုဓါတ်ပုံထဲက ချောင်းမျိုးတော့ မဟုတ်ဘူးပေါ့၊ သံတံတားကြီးနဲ့ ထိလုနီးပါး လောက်ထိ ရေကြီးတတ်ပါတယ်....။ ဒီတော့ တံတားကြီးပေါ်ကနေ ဒိုင်ဗင်ထိုးချ... ရေစီးအတိုင်း မျှောလိုက်သွား... နောက်တော့ နီးရာသစ်ကိုင်းဆွဲပြီး ပြန်တက်လာ.... အဲလိုမျိုး အကြိမ်ကြိမ်ဒိုင်ဗင်ပစ်ကြပါတယ်။ ကျွန်တော်တို့ကတော့ ပွဲကြည့်ပရိတ်သတ်ပါပဲ။
နောက်... "ပုန်းချောင်း" ချောင်းရိုးတစ်လျှောက်မှာ သပြေပင်တွေရှိပါတယ်၊ ဒီတော့ မူလတန်းကျောင်းတက်ရင်းနဲ့ သပြေသီးမှည့် သွားကောက်လို့လည်း ရပါသေးတယ်...၊ မင်းသုဝဏ်ရဲ့ သပြေသီးကောက်ကဗျာဟာ...ကိုယ်တွေ့မို့ အမြဲတမ်းအမှတ်ရတဲ့ ကဗျာ လေးတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ မူလတန်း ကျောင်းသားဘ၀တုန်းကတော့ ကျောင်းအုပ်ကြီးက ဆရာကြီးဦးမင်းလွင်ပါ၊ အရိုက်ကြမ်းပြီး စိတ်တအားတိုတတ်လို့ အသေကြောက်ရပါတယ်။ ဆရာကြီးက သူ့ကျောင်းသား/သူ တွေကို ချောင်းစပ်သွားတာ မျိုး လုံးဝမကြိုက်ပါ။ ကျွန်တော်တို့ကလည်း ကြောက်သာ အသေကြောက်တာ၊ ချောင်းစပ် ဆီသွားရတာကိုတော့ မစွန့်လွှတ်ပါဘူး။ နေ့လည် ထမင်းစာကျောင်းဆင်းချိန်ဆို သူမမြင်အောင် လစ်တာပါပဲ....။ (ဆရာကြီးအိမ်က အ.မ.က(၁) ကျောင်းဝင်းထဲမှာပဲ ရှိ တယ်လို့ ပြောနိုင်ပါတယ်၊ သူ့အိမ်ကလှမ်းကြည့်ရင် ကျောင်းထဲကို အကုန်လှမ်းမြင်နေရပါတယ်။) တစ်ချို့ကောင်တွေ လုပ်ပုံ ကလည်း ဆရာကြီးစိတ်ပူမယ်ဆို စိတ်ပူချင်စရာပါ။ ချောင်းစပ်ကို ဆင်းရုံတင် မကတော့ဘူး...၊ ချောင်းကိုကူးပြီး ချောင်းတစ်ဖက် ကမ်းက ဦးလူကြီး ဆီးခြံကနေ ဆီးသီး သွားခိုးခူးလိုက်သေးတယ်။ ဒါတွေက... သပြေသီးမှည့်ချိန်နဲ့ ဆီးသီး, သီးချိန်တွေမှာ လုပ်တတ် ကြတာတွေပါ။
သပြေသီးတွေ မသီးတဲ့အချိန်လည်း ချောင်းစပ်ကို ဆင်းကြတာပါပဲ...၊ ကျူရိုး ခုတ်ကြဖို့ပါ။ ပြီးတော့ အဲဒီကျူရိုးလေးတွေကို ပုလွေ လုပ်ပြီး ဆော့ကြပါတယ်။ လေးတန်းနှစ်တုန်းကဆိုရင် လေးတန်းကျောင်းသား/သူတွေအားလုံး ချောင်းရိုးတစ်လျှောက် သွားပြီး စခန်းဆောက်တမ်း ကစားကြပါတယ်။ ပြီးရင် ကိုယ့်စခန်းကို အများမသိသာအောင်.... ပြန်ပြီး ချုံတွေနဲ့ ပြန်ပိတ်ထားခဲ့ကြတယ်။ ဒါမှ...သူများတွေ မဖျက်နိုင်တာလေ...၊ ကောင်မလေးတွေလည်း ပါတယ်။ တကယ်လို့ သူများစခန်းကိုတွေ့ရင်လည်း ဖျက်ဆီး ကြေးပေါ့ . . .။ အများမသိအောင် ဖွက်ပြီး စခန်းဆောက်နိုင်တဲ့သူတွေက "ဟဲ.. ဟဲ... ငါတို့စခန်းကို မင်းတို့ ရှာမတွေ့ပါဘူးကွာ၊ ငါတို့စခန်းက လျှို့ဝှက်စခန်းကွ" ဆိုပြီး မခံချင်အောင်ပြောတယ်။ အဲလိုကစားတာကို လေးတန်းနှစ်မှာ တော်တော်လေးဆော့ဖြစ် တယ်၊ ပုံမှန်အားဖြင့် ကောင်လေးတွေနဲ့ ကောင်မလေးတွေက သိပ်မတွဲပေမယ့် အဲဒီကစားနည်းမှာတော့ အတူတွဲဆော့ဖြစ်ကြ တယ်။
ကျွန်တော်တို့ နှစ်တန်းနှစ်လောက်မှာ ထင်တယ်...၊ C.G.G ဆိုတဲ့ ပြင်သစ်ကုမ္ပဏီတစ်ခု ရောက်လာပြီး ရေနံတူးလို့ရနိုင်မလား စမ်းသပ်ပါတယ်။ သူတို့ကုမ္ပဏီမှာဝင်လုပ်မယ့် အလုပ်သမားတွေလည်း ခေါ်ပါတယ်၊ ချက်ချင်းတော့ အလုပ်တန်းမခန့်ပါဘူး။ အကြို စမ်းခန့်အလုပ်သမားတွေအနေနဲ့ ထားရင်း အဲဒီ အလုပ်သမားတွေရဲ့ လုပ်အားနဲ့ပဲ (သံတံတားကြီးကုန်းထိပ်နဲ့ အ.မ.က(၁) ကြား) ဖြတ်ကူးတဲ့လမ်းကို မြေဖို့ပြီး ခင်းခဲ့ပါတယ်။ အရင်ကတော့ သံတံတားကြီးနဲ့ အ.မ.က(၁)ကြားဟာ ချောက်ကြီးအဖြစ် ရှိနေခဲ့တာပါ၊ ကျွန်တော်တို့ရဲ့ စစ်တိုက်တမ်းကစားရာ စစ်မြေပြင်လည်း ဖြစ်ပါတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ရဲ့ စစ်မြေပြင်တစ်ခုကို လက်လွတ်ခဲ့ရပါတော့တယ်။ ဒါနဲ့... စစ်မြေပြင်ကို ဘယ်ဆီပြောင်းခဲ့ကြလဲဆိုတော့ ချောင်းကမ်းပါးထိပ်မှာပေါက်နေတဲ့ အပင်ကြီး တစ်ပင်ရဲ့ အမြစ်တွေအောက်ကို ရောက်သွားပါတယ်။
အပင်ကြီးရဲ့ အမြစ်တစ်ဝက်လောက်ပဲ ချောင်းကမ်းပါးမှာရှိနေပြီး ကျန်တစ်ဝက်က ရေတိုက်စားထားလို့ အောက်ကိုတွဲလဲတွေကျ နေပါတယ်။ အဲဒီတွဲလဲကျနေတဲ့ အမြစ်တွေကို ခိုစီးပြီး.... ဟိုဖက်ဒီဖက် အကြိမ်ကြိမ်ကူးကြပါတယ်၊ ကလေးဝိတ်တွေမို့လို့ပါ။ လူကြီးတွေသာ ခိုစီးမယ်ဆိုရင် အပင်ကြီးလဲလာနိုင်ပါတယ်။ နောက်ပြီး....အပင်ကြီးရဲ့ တွဲလဲကျနေတဲ့ အမြစ်တွေအောက်မှာ ပါယ်အိုင်(နွံအိုင်)တစ်ခုလည်း ရှိနေပါတယ်၊ အဲဒီအိုင်ကို တာဇံလုပ်ကူးလိုက်၊ ရမ်ဘိုလုပ်ကူးလိုက်နဲ့ တော်တော်ပျော်ခဲ့ပါတယ်။ လက်ချော်ပြီး အောက်ပြုတ်ကျတဲ့ကောင်လည်း ပြုတ်ကျပေါ့၊ ပါယ်အိုင်က ကလေးတွေမို့ ခါးလောက်ထိနစ်ပါတယ်။ တစ်ခါက "အလင်းနစ်" ဆိုတဲ့ကောင် ပြုတ်ကျတာမှာ ကျောင်းစိမ်းဘောင်းဘီတိုလေးကို ခါးထိ နစ်ဝင်သွားဖူးလို့ပါ။ အဲဒီ စစ်မြေပြင်ကစား ကွင်း လေးလည်း သိပ်ပြီး သက်ဆိုးမရှည်လိုက်ပါဘူး၊ ဆရာမတွေသိသွားပြီး ထုတ်နဲ့လိုက်ခေါ်လို့... နောက်တစ်ကြိမ် စစ်မြေပြင် ထပ်ပျောက်သွား ပြန်ပါတယ်။
ကျွန်တော်ရဲ့ မူလတန်းကျောင်းသားဘ၀ဟာ အ.မ.က(၁)နဲ့ ပုန်းချောင်းကို သွယ်တန်းဆက်နွယ်ထားတဲ့ ကြိုးတစ်ချောင်းပါပဲ။ အခုချိန်မှာတော့ အ.မ.က(၁)လည်း မူလတန်းကျောင်းကနေ မူလတန်းလွန်ကျောင်းအဖြစ် ပြောင်းသွားပါပြီ...။ ကျွန်တော်တို့ အသေကြောက်ခဲ့ရတဲ့ ကျောင်းအုပ်ဆရာကြီး ဦးဌေးလွင်လည်း ဆုံးပါးသွားခဲ့ပြီ ဖြစ်ပါတယ်။ ကျွန်တော်အတွက် အ.မ.က(၁)မှာ ကျန်ရစ်နေဆဲလူတစ်ချို့ကတော့ အမေတစ်ယောက်လိုချစ်ရတဲ့ ကျွန်တော်ရဲ့ရင်ခွင်ပိုက်ဆရာမ ဒေါ်ထားထား၊ လေးတန်းနှစ်မှ တွေ့ရပေမယ့် ရင်ခွင်ပိုက်ဆရာမတွေလိုပဲ ချစ်ရပြီး ပုံပြင်တွေပြောပြတတ်တဲ့ ဆရာမဒေါ်မျိုးမျိုး၊ အင်္ဂလိပ်စာအသင်အပြ အရမ်း ကောင်းတဲ့ ဆရာမဒေါ်ချိုတီ.... ဒီလောက်ပဲ ရှိတော့မည်။ သူငယ်တန်းကြီးတုန်းက "၀လုံး" စရေးတာကို သင်ပေးခဲ့တဲ့ ဆရာမကြီး ဒေါ်ဆန်းကြည်လည်း အငြိမ်းစားယူသွားပြီ ဖြစ်သည်၊ အမေကြီးပွဲ(အမေရေယဉ် နတ်ပွဲ)တိုင်း အလှူခံ/ဆုတောင်းစကားပြောလေ့ ရှိတဲ့ ဆရာမကြီးရဲ့အသံကိုလည်း ကြားယောင်နေမိဆဲ....။
အခု အ.မ.က(၁)[မူလွန်]မှာ ကျောင်းတက်နေကြတဲ့ကလေးတွေရော ကျွန်တော်တို့လို ခပ်ဆိုးဆိုးတွေပဲလား၊ အဲဒီလို ခပ်ဆိုးဆိုး ကျောင်းသားတွေအတွက် အရိုက်ကြမ်းတဲ့ ကျောင်းအုပ်ကြီးတစ်ယောက်ရော ရှိရဲ့လား၊ သူတို့တွေ... သပြေသီးကောက်ကဗျာ ကိုရော သိကြမည်လား၊ သိတယ်ဆိုရင်လည်း လက်တွေ့ခံစားပျော်ရွှင်ခွင့် ရှိကြရဲ့လား။ သူတို့ရဲ့ကစားကွင်းကရော...ကျွန်တော် တို့လို့ ပေါက်ပေါက်ရှာရှာကစားကွင်း တစ်ခုများ ဖြစ်နေမလား...။ ကျွန်တော် ကြားရသလောက်တော့ ကလေးတွေက ကျွန်တော် တို့ထက် လိမ္မာကြပုံပါပဲ၊ အန္တရယ်များလှတဲ့ချောင်းစပ်ကို သွားဆော့ဖို့ စိတ်မ၀င်စားကြသလို "ပုန်းချောင်း" ကလည်း အရင်လို ဆော့ချင်စရာမကောင်းတော့ဘူး တဲ့။
ပုန်းချောင်းလည်း အရင်ကနဲ့စာရင် တော်တော်လေးကို ကောသွားသည်ဟု ပြောရမည်.....၊ ချောင်းရိုးတစ်လျှောက် သပြေပင်တွေ လည်း အရင်လိုမရှိတော့။ ရှိတဲ့အပင်တွေလည်း သပြေရွက်အတွက် ၀ိုင်းချိုးကြတာနဲ့ အညွန့်လေးတောင်မထွက်နိုင်အောင် ဖြစ်နေ ကြသည်။ ကျွန်တော်နဲ့ အလင်းနစ် သွား,သွား ထိုင်ခဲ့ကြသည့် ချောင်းစပ်က သပြေပင်အို မည်းခြောက်ခြောက်ကြီးလည်း ရေထဲ ပါသွားသလား၊ ဒီအတိုင်းပဲ အခုတ်ခံလိုက်ရသလား မသိ။ မရှိတော့ . . . ။
ယင်းမာပင်မြို့မှာရှိတဲ့ "တဘောင်" ထဲကအတိုင်းပဲ.... ပုန်းချောင်းဟာ မြို့လယ်ခေါင်တည့်တည့်ကိုတော့ ရောက်သွားပြီဟု ပြောရ မည်၊ ဒါပေမယ့် အဲဒီ ပုန်းချောင်းကြီး ကောသွားမယ်လို့တော့ မပါ,ပါ။ ခုတော့ တဖြည်းဖြည်းကောပြီး လိုက်လာနေတဲ့ ပုန်းချောင်း ဟာ မြောင်းသာသာအနေအထားကို ရောက်နေပါပြီ။ ပြောရရင်... ချောင်းထဲမှာ ရေကူးလို့တောင် ရတော့မည်မထင်၊ ရေကူးတဲ့ သူတွေကလည်း ရေကူးဖို့ ကန်တွေရှိလာတဲ့အတွက် ဘယ်သူမှ ချောင်းထဲဆင်းပြီး မကူးကြတော့....။ ပုန်းချောင်းဟာ သူ့နာမည် အတိုင်းပဲ တဖြည်းဖြည်း ပုန်းကွယ်ရင်းနဲ့ ပျောက်သွားတော့မှာလား...ဆိုတာတော့ ကျွန်တော်အပါအ၀င် မည်သူမျှ သေချာပြောနိုင် လိမ့်မည် မဟုတ်ပါ။
Labels: yinmabin, yinmarbin, ယင်းမာပင်, အမှတ်တရ
| Permalink | Comments
| links to this post
![]()
သံတံတားကြီး
Thursday, January 8, 2009
ဟိုး... အရင်ကတော့ သစ်သားတံတားကြီးအဖြစ် အရင်ရှိခဲ့တာဖြစ်ပြီး .... နောက်ပိုင်းမှာ အဲဒီသစ်သားတံတားကြီး ပျက်သွားခဲ့ပါ တယ်။ ဂျပန်တပ်တွေနဲ့ အင်္ဂလိပ်တပ်တွေ စစ်ဖြစ်ရင်း ပျက်စီးသွားတယ်လို့ လူကြီးပြောတာကြားဖူးပါတယ်။ သေချာတော့ မသိပါ၊ ဒါပေမယ့် အရင်သစ်သားတံတားဟောင်းကြီးရဲ့ တံတားတိုင် ငုတ်တိုတွေကို ကျွန်တော်တို့ကလေးဘ၀ အချိန်အထိ တွေ့မြင်နေရ တုန်းပါပဲ။ အခုတော့ ရှိသေးလား မသိတော့ပါ။
ကျွန်တော်တို့ မွေးဖွားလာချိန်မှာတော့ အခုမြင်နေရတဲ့ သံတံတားကြီးကို ဆောက်လုပ်ပြီးသွားပါပြီး၊ သံတံတားကြီး ဘောင်ပေါ်က ရေးသားထားတဲ့ စာသားအရ (1915)ခုနှစ်က တည်ဆောက်ခဲ့တာလို့ သိရပါတယ်။ ခု (၂၀၀၉)ဆိုရင် ... နှစ်ပေါင်း (၉၄) နှစ်တောင် သက်တမ်းရှိသွားပါပြီ။ ငယ်ငယ်တုန်းကတော့ ကျောင်းသွားရင် တံတားကြီးအလယ်မှာ သွားရပ်နေပြီး ကုန်တင်ကားတွေ ဖြတ် မောင်းတာကို စောင့်ရတာသဘောကျခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကားကြီးတွေဖြတ်ရင် တံတားကြီးက နည်းနည်းတုန်,တုန် သွားတယ်လေ...။ အခုဆို ပိုတောင်တုန်မယ် ထင်ပါတယ်။
P & W.MACLELLANLMဓါတ်ပုံထဲကစာသားကို မှန်းပြီးရေးပေးထားတာမို့ သေချာပေါက် မှန်လိမ်မယ်လို့တော့ မပြောနိုင်ပါ။ ဓါတ်ပုံလေးကိုလည်း တင်ပေး လိုက်ပါတယ်၊ တစ်ချက်ကြည့်လိုက်ပါ။ ဒါ မြို့လယ်ခေါင် သံတံတားကြီးပေါ်က စာသားလေးတွေကို ရိုက်ကူးထားတဲ့ပုံ ဖြစ်ပါတယ်။
BURMA PROV.P.W.D
CONSTRIST NO.R6872
1915
CLUTHAWORKS.CLASSCON
Labels: photo, yinmabin, yinmarbin, ယင်းမာပင်
| Permalink | Comments
| links to this post
![]()
ပန်းချီဆယ်တိုက်
Wednesday, January 7, 2009
အရှေ့ဘက်တွင် ချင်းတွင်းမြစ်၊ အနောက်ဘက်တွင် ပုံတောင်ရိုး၊ မြောက်ဘက်တွင် ယမားချောင်း၊ တောင်ဘက်တွင် ယမား ချောင်း .... အဲလို ပတ်လည်ဝိုင်းရံထားတဲ့ ကျွန်တော်တို့ ဗန့်ချီနယ်နဲ့ ပတ်သက်ပြီး ခေတ်အဆက်ဆက်ခေါ်ဝေါ်ခဲ့တဲ့ အမည်များကို ရှာဖွေတွေ့ရှိလို့ မှတ်တမ်းပြုလိုက်ရပါတယ်။
အင်းဝခေတ်က ရေးထိုးထားတဲ့ အနိမ့်တော ရွေကူကျောက်စာမှာ "ပင်က္လေယ်တိုက်" ရယ်လို့ အမည်ခေါ်တွင်တယ်လို့ သိရပါတယ်။ အဲဒီနောက်.... ညောင်ရမ်းခေတ်မှာတော့ "ပန်းချီဆယ်တိုက်"၊ ကုန်းဘောင်ခေတ်မှာ "ဗန့်ချီတိုက်" လို ခေါ်ဝေါ်ခဲ့ကြပါတယ်။
ပဒုံမင်း (၁၇၈၂ - ၁၈၁၉) လက်ထက် ၁၈၀၂ ခုနှစ်တွင် အမိန့်တော်တစ်ရပ် ထုတ်၍ ဗန့်ချီ ၉၉ ရွာတိုက် ဟူသော နယ်မြေကို သတ်မှတ်ခဲ့ပါတယ်။ ဗန့်ချီ ၉၉ ရွာ တိုက်နယ်မြေမှာ အရှေ့တောင်တွင် ယမားစည်သူ ကန်ရိုး၊ ထိုမှ မြောက်ဘက်သို့ တင်တောင်၊ ရှင်မဉ္ဇူတောင်၊ မင်းယာကုန်း၊ တောင်ကကာညောင်ပင်၊ ကျောက်ကြီးရွာ၊ ထိုရွာမှ အနောက်သို့ မြောက်ယမားအထိ၊ ထိုမှ ဗန့်ကျီတောင်ရိုးအတိုင်း တောင်သို့ တောင်ယမားအထိ၊ တောင်ယမားမှ အရှေ့ဘက်သို့ ယမားစည်သူ အထိကျယ်ဝန်းကြောင်း သိရပါတယ်။
Labels: history, ဗန့်ကျီနယ်, သမိုင်း
| Permalink | Comments
| links to this post
![]()
မုံရွာတစ်ဝိုက်(၁)
Thursday, January 1, 2009
ကျွန်တော်... ဒီဘလော့လေးကိုရေးတော့ ကိုယ့်မြို့ကိုယ်ရွာအကြောင်းလေးလောက်သာ ရေးဖို့ စိတ်ကူးမိပါတယ်၊ နောက်ပိုင်း... သမိုင်းတွေ လျှောက်ဖတ်မိတော့မှ ကိုယ်တစ်ခုတည်းရေးလို့ကတော့ ဘယ်လိုမှ အဆင်ပြေမည်မဟုတ်ကြောင်း သိလာရသည်။ ယင်းမာပင်အကြောင်းဆိုလျှင် ယင်းမာပင်မြို့နယ်ထဲက ထင်ရှားတဲ့နယ်မြေတွေ၊ ရွာတွေရဲ့ဓလေ့တွေ ပါလာရပါပြီ။ နောက်... အိမ်နီးချင်းတွေ အကြောင်းလည်း ပါဝင်လာရပါပြီ။ ဒီတော့. . .ကျွန်တော့်အတွက် အတော်လေးလံရတဲ့ ကိစ္စဖြစ်လာခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီနောက်ပိုင်းမှာ ပိုစ့်အတင် ကျဲသွားခဲ့ပါတယ်။
"ရွှေမုံသား" ကလည်း မုံရွာနယ်တွေအကြောင်းပါ ထည့်သွင်းဖော်ပြသွားဖို့ တောင်းဆိုထားပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ ကျွန်တော်လေ့လာမိသမျှ မုံရွာနယ်တစ်ဝိုက် အကြောင်းများကို ရေးသားသွားပါမယ်။
ပထမဆုံး မုံရွာမြို့ကိုဘာလို့ "သလ္လာဝတီမြို့တော်"လို့ ခေါ်နေကြသလဲဆိုတာကို အရင်ရှင်းပြချင်ပါတယ်။ မုံရွာမြို့ရဲ့ အသက် သွေးကြောဟာ ခုထက်ထိ ချင်းတွင်းမြစ်ပေါ်မှာ မူတည်နေဆဲပဲဆိုတာ ရောက်ဖူးတဲ့သူတိုင်း သိကြပါလိမ့်မယ်။ ဟိုး အရင်ခေတ် တုန်းကဆိုရင် ပိုပြီးတောင် ရေလမ်းကြောင်းပေါ်မှာ မူတည်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် မုံရွာမြို့တော်ကို "ချင်းတွင်းမြို့တော်" (သို့မဟုတ်) "သလ္လာဝတီမြို့တော်" ရယ်လို့ ခေါ်ဝေါ်ခဲ့ကြတာ ဖြစ်ပါတယ်။ ချင်းတွင်းမြစ်ကို "သလ္လာဝတီ" လို့ ခေါ်ဝေါ်ပါတယ်၊ "ဆူးညောင့်ရှိသာမြစ်" ဟု အဓိပ္ပါယ်ရပါတယ်။
ဟိုး... ရှေးယခင်အခါက မြန်မာနိုင်ငံရဲ့ နယ်ပယ်ဒေသတွေကို တိုက်ကြီး (၄)တိုက်အဖြစ် သတ်မှတ်ပြီး ခွဲခြားထားခဲ့ပါတယ်။ အဲဒီ အချိန်တုန်းက သတ်မှတ်ခဲ့တဲ့ တိုက်ကြီးများနဲ့ ပါဝင်တဲ့ဒေသတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ မုံရွာတစ်ဝိုက်က နယ်ပယ်ဒေသတွေဟာ ဘယ်တိုက်ထဲမှာ ပါဝင်နေခဲ့လဲဆိုတာ တစ်ချက် ရှာကြည့်ပါ...၊ တော်ပါပြီဗျာ... ခင်ဗျားတို့ ခေါင်းမူးနေပါလိမ့်မယ်။ ကျွန်တော်ပြောပြလိုက်ပါ့မယ်၊ မြောက်ဘက်တိုက်ထဲမှာ ပါဝင်ပါတယ်။ ရှာကြည့်လိုက်ပါ -
တောင်ဘက်တိုက် - ဆင်ရင်ရွာ၊ ငမြာငယ်၊ ကျောက်မဆင်၊ နွယ်ရောက်၊ လင်ကတော၊ ချောင်းဆုံကြီး၊ ညောင်မရွာ၊ တရား၊ ကြက်မောက်၊ သပြေ၊ ချောင်းဆုံငယ်၊ မြောက်များ၊ ပျည်းမ၊ ဗြဟ္မဒတ်၊ ဖြစ်သီ၊ လယ်အိုး၊ ထီးချိုင့်၊ ဗန်ရွာ၊ မန်ကျည်းခွ၊ ပုပ္ပါးရွာ၊ မတောင့်တ၊ ဦးနှောက်၊ စကား၊ မြို့ကြီး၊ ဖြစ်သီ၊ ဆုံတား၊ ၀ကျ၊ မင်းရွာ၊ လုံပေါင်၊ ဘူးတောင်း၊ ငဇင်၊ လက်ပံ၊ ဆင်စွယ်၊ သလင်း၊ စင်ဆယ်၊ ငမှိုင်း၊ တကော၊ ညည့်ရှော၊ ဆသိမ်၊ ကျော်ရာ၊ မြတ်ဝန်၊ ငနံသင်၊ လယ်ကန်၊ ကက်ရင်၊ ပလဲရွာ၊ ငကြောင်ရွာ၊ ကျတ်ရွာ၊ တည်ကြည်ရွာ၊ ၀ယ်ပေါင်ရွာ၊ ၀ယ်ခေါင်ရွာ၊ ကျောက်မြစုံချက်၊ မိဖုရား၊ မင်းကန်၊ ခေါ်သန္တီ၊ ပန်းတိမ်တော်၊ မြဲနဲ၊ ကျိုင်ခမောက်၊ ရွာသမင်၊ မုံမြစ်၊ တောကသောင်၊ သိတုန် စသောရွာများ ပါဝင်သောဒေသ...နောက်...ထပ်တွေ့ရတာက၊ "တောင် ၁၅၀" ဆိုတဲ့ အသုံးအနှုန်း ဖြစ်ပါတယ်၊ ဒီအသုံးအနှုန်းကတော့ အထူးရွေးချယ်လေ့ကျင့်ထား တဲ့ တပ်သားအမှု့ထမ်းတွေကို သတ်မှန်ခေါ်ဝေါ်ခဲ့တဲ့ အမည်ဖြစ်ပါတယ်။ ပရစ်ကုန်းမြောက်ရွာ၊ ပရစ်ကုန်းတောင်ရွာ၊ လှေကူးရွာ၊ သက်ကယ်ကျင်းရွာ၊ အောင်သာရွာ၊ မုံရွာ၊ ရှားပြေးရွာ၊ အောင်ချမ်းသာရွာ၊ သက်ရှည်ကန်ရွာ၊ ညောင်ပင်စောက်ရွာ၊ စတဲ့ရွာများမှ သန်မာထွားကျိုင်းတဲ့ လူငယ်များကို ရွေးချယ်ဖွဲ့စည်းထားတဲ့ "အမှုထမ်း အစု" လို့ ရေးသားထားပါတယ်။ အဲဒီ အမှုထမ်းတွေရဲ့ လက်ယာလက်ဖမိုးမှာ "ခြင်္သေရုပ်" ကိုလည်း ရေးထိုးထားလေ့ရှိတယ်လို့ သိရပါတယ်။ ခင်ဗျားရဲ့ညာဖက်လက်ဖမိုးကို တစ်ချက် ပြန်ငုံ့ကြည့်လိုက်ပါဦး၊ တော်ကြာ... "တောင် ၁၅၀" အဖွဲ့ထဲကများ ဖြစ်နေမလား မသိဘူးနော်....
မြောက်ဘက်တိုက် - မောက္ကတော်၊ သင်တော၊ ငစည့်ကိုင်း၊ တောင်အောက်၊ တောက်ရှရွာ၊ မှက်ကိ၊ ရှိမ္မကားရွာ (ရှိန်းမကား ဟု အသံထွက်ပါသည်)၊ မြင်တွင်၊ မုံရွာ၊ ဈေတက်၊ တောင်ကြား၊ ကုလားရွာ၊ ငသျှံရွာ၊ ခေါက်ရောင်ရွာ၊ ဟသာင်္ရွာ၊ သာဝတ္တိ၊ တည်တော၊ ငကင်၊ ဆေရ၊ နန်နုန်ရွာ၊ ကွမ်းဘုံး၊ ကျွန်းတော၊ ဘိန်ကား၊ မြောင်၊ မုတ်ဆိုးခြုံ၊ တန်တည်၊ ကုန်းရွာ၊ ရင်မိဿံ၊ မတောင့်တ၊ ရွာသာ၊ နဘက်၊ ကျောက်ရစ်၊ ကြာပန်းညို၊ ပဲခွဲ၊ အင်းပဲ၊ အင်းတိုင်၊ သစ်ဆိပ်ငယ်၊ သံမောက်၊ ဆင်ကွတ်၊ မြင်းမူ၊ အင်းမ၊ ရွာသစ်ကြီး၊ မြေနဲ၊ အုန်းပေါက်၊ မြင်းမေ၊ ပြောရွာ၊ ရွာသံ၊ ၀တ္တနာ၊ ညောင်ရင်း၊ မန်ကျည်းတုံ၊ ကြေးမုံ၊ မဗေရွာ၊ သိန်ကတော၊ ရေ၀င်၊ သရိုင်ရွာ၊ စဉ်သာ၊ ရတုံ၊ ချောင်းဦး၊ လှထွေ၊ ၀လို၊ ကျောက်ကာ၊ ဆံတော်ဆွဲ၊ ကူခေါင်း၊ မုတ်ဆိုးဘို၊ ခက်လုံ၊ စောဘွတ်အို၊ မင်းရွာ၊ ရွာစိုက်၊ သုံးကြီး၊ ရဝေရွာ၊ သင်တွဲ စသောရွာများ ပါဝင်သောဒေသ...
အနောက်တိုက် - သွန်ရွာ၊ မန်လည်၊ သက်ပန်း၊ တောင်တွင်းငယ်၊ ပဲနံ့သာရွာ၊ မလွန်မီတ္ထီလာ၊ ထီးလှိုင်၊ တပယ်၊ မြောင်လှမြို့၊ မြင်းခုံတိုင်မြို့၊ သဲကျေးရွာ၊ နံ့သာရွာ၊ ခေါင်းကွဲရွာ၊ ငမြာကြီး၊ သကြင်မြောက်ရွာ၊ လှိုင်းတက်မြို့၊ ပြင်စည်မြို့၊ ကင်းတောက်ရွာ၊ ရွာသယာရွာ၊ ရန်နောင်မြို့သစ်၊ ရန်နောင်မြို့အ၀င် ဇီးချို၊ ဖွတ်အင်း၊ သာဂရ၊ မြို့တင် မြို့၊ ပင်လှ၊ ကျိသာ၊ ငန်းစွန်၊ ထရကန်၊ ကင်းသာရွာ၊ မင်းလှရွာ၊ မင်းလှကင်းသာရွာ၊ လှိုင်တက်ငွေစွန်၊ ၀ါရွက်၊ အင်နီးကြောက်မြို့၊ မျင်ထိတ်၊ မြစ်စုတ်၊ မလည် စသော ရွာများ ပါဝင်သောဒေသ...
အရှေ့ဘက်တိုက် - အောင်ပင်လယ်၊ အောင်ပင်လယ်ကန်အသည်၊ အုတ်ဖို၊ အုန်းကွမ်း၊ ဘုတ်ရွာ၊ ကင်းရွာ၊ ကြပင်း၊ ရွှေခုံတိုင်၊ မြစ်တွင်း၊ မကွေတရာ၊ ကျွဲနဖား၊ ခက်တင်၊ တောင်အင်း၊ မတ္တရာ၊ ရေမြပုကန်၊ တောင်ပြုံးငယ်၊ စကြင်၊ စကြင်တောင်ရွာ၊ သပြေလှ၊ စုံးရွာ၊ စရိုင်၊ နာရီတောင်၊ မြစ်သစ်ငယ်၊ ၀ရင်းတုတ်၊ ကွမ်းစည်၊ ပြောင်းပြလင်းဇင်း၊ ကွန်သာယာ၊ ကင်ကုံပယ်၊ ပေါက်နက်၊ ရေကြည်၊ ရေနံသာ၊ ဆေးဟောင်း၊ ဆေးသစ်၊ ၀ါတန်ဆက်၊ ငှက်ကြီးသိုက်၊ ရက်ဘား၊ ရမာန်၊ ယမုံ၊ မုံတော၊ ရေထွက်ရွာများ ပါဝင်သော ဒေသ...
Labels: history, Monywa, မုံရွာ, သမိုင်း
| Permalink | Comments
| links to this post
![]()
ယင်းမာပင်မြို့နယ် မှတ်စုတို
တည်နေရာ
ယင်းမာပင်မြို့နယ်သည် စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် အတွင်း ချင်းတွင်းမြစ်၏ အနောက် ဘက် မြောက်လတ္တီကျု ၂၁ံ ၅၉' နှင့် ၂၂ံ ၁၉' အကြား၊ အရှေ့ လောင်ဂျီကျု ၉၃ံ၃၆' နှင့် ၉၅ံ ၁၅' အကြားတွင် တည်ရှိ၍၊ ရန်ကုန်မြို့၏ မြောက်ဘက် အနောက်ယွန်းယွန်း မိုင် (၄၀၀) အကွာတွင် တည်ရှိ ပါသည်။ ယင်းမာပင်မြို့နယ် ၏ အရှေ့ဘက်တွင် မုံရွာမြို့နယ် နှင့် ဆားလင်းကြီးမြို့နယ်၊ တောင်ဘက် တွင် ပုလဲမြို့နယ်နှင့် ကနီမြို့နယ်၊ မြောက်ဘက်တွင် ကနီမြို့နယ်တို့ ရှိကြပါသည်။
အကျယ်အ၀န်း
ယင်းမာပင် မြို့နယ်သည် ပင်လယ်ရေမျက် နှာပြင် အထက် ပေ (၄၀၀) တွင် ရှိပြီး ယေဘူယျ အားဖြင့် မြေပြင် ညီညာပြန့်ပြူး ပါသည်။ မြေပြန့်လွင်ပြင်မှာ ရာခိုင်နှုန်း (၄၈.၂၃%) ရှိပြီး စတုရန်းမိုင် အားဖြင့် (၁၇၄.၅၉) ရှိ၍ စတုရန်းမိုင် အားဖြင့် (၇၅.၈၂)၊ ဆင်ခြေလျှော မြေမှာ (၃၄၀.၀၂%) ဧရိယာအားဖြင့် (၁၁၂.၂၉) စတုရန်းမိုင် ရှိရာ ယင်းမာပင်မြို့နယ် မှာ စုစုပေါင်း အကျယ်အ၀န်း အားဖြင့် (၃၆၂.၇၀) ဧရိယာစတုရန်းမိုင် ကျယ်ဝန်း ပါသည်။
မြို့နယ်သမိုင်း
ယင်းမာပင်မြို့နယ်အား မြို့နယ်အဖြစ် ၁၉၀၁ ခုနှစ်တွင် ဗြိတိသျှအစိုးရမှ စတင်သတ်မှတ်ပြီး နယ်ပိုင်ဝန်ထောက် တစ်ဦး ရုံးထိုင်စေလျက် ပုလဲမြို့နယ်၊ ဆားလင်းကြီးမြို့နယ် တို့ကိုပါ အုပ်ချုပ်ရသော ခရိုင်ခွဲ (ဆဗ္ဗဒီဝီဇံ)မြို့အဖြစ် သတ်မှတ်ခဲ့ ပါသည်။ မြန်မာဘုရင်များ လက်ထက်ကမူ ယင်းမာပင် မြို့နယ် အပါအ၀င် ပုလဲမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့ ပါဝင်သော ဒေသများအား ဖန့်ချီနယ် (တချို့က `ဗန့်ဂျီနယ်´ ဟုလည်း ပြောကြ ပါသည်။) ဟု ခေါ်ဝေါ် သတ်မှတ် ခဲ့ပါသည်။ အဆိုပါ (၃)မြို့နယ်၏ အနောက်ဘက်တွင် ပင်တောင်၊ ငပြုံးတောင်၊ ဖန့်ဂျီတောင် ဟူ၍ ရှိရာ ဖန့်ဂျီတောင်သည် တောင်ယမား ချောင်းနှင့် မြောက်ယမားချောင်း အကြားတွင် တည်ရှိသော ကြောင့် အဆိုပါ ဒေသအတွင်း တည်ရှိသော နယ်မြေများကို ဖန့်ဂျီနယ်ဟု ခေါ်ဝေါ်ကြောင်း သိရှိရပါသည်။ မြို့နယ်အဖြစ် ၁၉၀၁ ခုနှစ်ကပင် ဗြိတိသျှအစိုးရက သတ်မှတ် ခဲ့သော်လည်း ယင်းမာပင်မြို့နယ်ကိုမူ မြို့အဖြစ် စနစ်သစ် အုပ်ချုပ်ရေး စတင်သည့် ၁၉၇၂ ခုနှစ်တွင်မှ တရားဝင် သတ်မှတ် ခဲ့ပါသည်။ ယခင်ကမူ ယင်းမာပင်မြို့နယ်သည် နယ်ပိုင်ရုံးစိုက် ဖြစ်သော်လည်း မြို့အဖြစ် တရားဝင် သတ်မှတ်ချက် မဟုတ်ဘဲ မြို့မအုပ်စု အဖြစ်သာ တည်ရှိ ခဲ့ပါသည်။
မြေအနေအထား
ယင်းမာပင် မြို့နယ် အတွင်း၌ တောင်တန်း နှင့် ဆင်ခြေလျှော ဒေသမှာ မြေပြန့်လွင်ပြင် ဧရိယာ ထက် ပိုမိုကျယ်ဝန်းသည် မှန်သော် လည်း ဤမြို့နယ်တွင် အလွန် မြင့်မားသော တောင်ကုန်း တောင် တန်းကြီးများ မရှိပါ။ မြို့နယ် အတွင်း ဖြတ်သန်း စီးဆင်းသည့် တောင်ကျ ချောင်း(ယမားချောင်း)မှာ အနောက်မှ အရှေ့သို့ စီးဆင်း၍ စုန်းကျင်းအုပ်စု၊ ဘိန်းနွယ်ချောင် ကျေးရွာအနီးတွင် ချင်းတွင်းမြစ် အတွင်းသို့ စီးဝင်ပါသည်။ တင်ဆုံချောင်းမှာ အနောက်မြောက်မှ အရှေ့တောင်သို့ စီးဆင်းပြီး နတ္ထောင့် ကျေးရွာ အနီးတွင် ပေါင်းဆုံပါသည်။ ၎င်းချောင်းများသည် ရေစီး အလွန် လျှင်မြန်သည်။ သို့ဖြစ်၍ ၎င်းချောင်းများ ဖြတ်သန်းစီးဆင်းသည့် ရွှေလှန်၊ ပန်းမထုံး၊ ရေအောင့် စသည့်ကျေးရွာများသည် ရံဖန်ရံခါ ရေတိုက်စားခြင်းများ ကြုံရပါသည်။
လမ်းပန်းဆက်သွယ်ရေး
မုံရွာ - ပုလဲ - ဂန့်ဂေါလမ်း ၊ ၁၂-ပေ အကျယ် ကတ္တရာခင်း ကားလမ်းသည် ယင်းမာပင်မြို့နယ်ကို ဖြတ်သန်းလျက် ရှိပါသည်။ မိုင်တိုင် အမှတ် ၉/၀ မိုင်မှ ၂၃/၄ မိုင်သည် ယင်းမာပင်မြို့နယ် အပိုင်း ဖြစ်၍ (၁၄) မိုင် (၄) ဖာလုံ ရှည်လျား ပါသည်။ ဤ မုံရွာ-ပုလဲ-ဂန့်ဂေါ လမ်းမှာ ရာသီမရွေး ဆက်သွယ် သွားလာနိုင်ပြီး ခရီးသည်နှင့် ကုန်စည် များကို သယ်ယူပို့ဆောင်ပေးလျက် ရှိပါသည်။ ထိုပြင် ပွင့်လင်းရာသီ၌ မြို့နယ် အတွင်းရှိ ကပိုင်၊ ဆင်စွယ်၊ ရင်ပေါင်တိုင် စသည့် ကျေးရွာများမှ ယင်းမာပင်မြို့ကို ဖြတ်သန်း၍ မုံရွာမြို့သို့ ခရီးသည်နှင့် ကုန်စည်များ ပို့ဆောင် ပေးခြင်း၊ ကနီ-ယင်းမာပင်-မုံရွာ ကားလမ်းဖြင့် သွားလာနိုင်ခြင်း တို့ဖြင့် လမ်းပန်းဆက် သွယ်ရေး အဆင်ပြေ ချောမွေ့လျက် ရှိပါသည်။ ယင်းမာပင်မြို့မှ မုံရွာမြို့သို့လည်း ကားကြီးကားငယ် များဖြင့် အချိန်မရွေး သွား လာနိုင် သကဲ့သို့ ယခုနောက်ပိုင်းမှ ဖွင့်လှစ်ခဲ့သော ကလေးဝ-ယာကြီး-မင်းဒေါင့်-မုံရွာ ကားလမ်းဖြင့် ချင်းတွင်းတံတား(မုံရွာ) ကို အသုံးပြုလျက် ယင်းမာပင် မြို့နယ်မှ ခရီးသည်နှင့် ကုန်စည် များကို အချိန်အခါမရွေး သယ်ယူပို့ဆောင် ပေးနေပြီ ဖြစ်ပါသည်။
ရာသီဥတု
ယင်းမာပင်မြို့နယ်သည် မြန်မာ နိုင်ငံအလယ်ပိုင်း ပူပြင်းခြောက် သွေ့သည့်အပိုင်းတွင် ပါရှိပါသည်။ တစ်နှစ်လျှင် ပျမ်းမျှ မိုးရေချိန် (၃၀)လက်မ နှင့် (၄၀)လက်မ အကြားသာ ရွားသွန်း လေ့ ရှိပါသည်။ မိုးရေချိန် အနည်းဆုံး လမှာ ဧပြီလဖြစ်၍ အများဆုံးလမှာ အောက်တိုဘာလ ဖြစ်ပါ သည်။ ပူပြင်း ခြောက်သွေ့သည့် ဒေသဖြစ်သည့် အလျောက် မိုးရာသီတွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများ ကျရောက်လေ့ ရှိပါသည်။ အပူချိန် အနေဖြင့် အနိမ့်ဆုံး (၄၀)ဒီဂရီ ဖာရင်ဟိုက် ဖြစ်၍ အမြင့်ဆုံး အပူချိန်မှာ (၁၁၀)ဒီဂရီ ဖာရင်ဟိုက် ဖြစ်ပါသည်။ အအေးဆုံးလ မှာ ဇန်န၀ါရီလ ဖြစ်၍ အပူဆုံးလမှာ ဧပြီလ ဖြစ်ပါသည်။
ပေါက်ရောက်သော အပင်များ
ယင်းမာပင်မြို့နယ်သည် မြေပြန့် အပူပိုင်း ဒေသတွင်သာ ပေါက် ရောက် နိုင်သည့် သန်း၊ ဒဟတ်၊ ထနောင်း၊ ရှား၊ ဇီးဖြူ၊ တယ်၊ တမာ၊ သမုန်း၊ သနပ်ခါး စသည့် အပင်များ ပေါက်ရောက် ပါသည်။ ချင်းတွင်းမြစ် ဘေးတလျှောက်နှင့် ချောင်းဘေး တို့တွင်လည်း သပြေ၊ ဘိုင်၊ ကတွတ်၊ သဖန်းပင်များ ပေါက်ရောက်လျက် တောင်စောင်း များတွင် အင်၊ အင်ကြင်း၊ ထောက်ကြံ့၊ တမလန်း၊ ပိတောက်၊ ပျဉ်းကတိုးပင်များ ပေါက်ရောက်ကာ တောင်ပေါ် မြေပြင်ပိုင်းတွင် ကျွန်း၊ သတီ၊ မျောက်ချောနှင့် မျှင်ဝါး၊ တင်းဝါး၊ သနပ်ခါး စသည်တို့ ပေါက်ရောက်ကြ ပါသည်။ ဆေးဘက်ဝင် အပင်များအနေဖြင့် တောင်ပေါ်၊ တောင်စောင်းများတွင် လက်ထုပ်၊ ဘုမ္မရာဇာ၊ သက်ရင်းကြီး၊ သက်ရင်းကလေး၊ နီပဆေး၊ မှန်နီ၊ ဆင်တုံးမနွယ်၊ မှန်နီ၊ ဆင်တုန်းမနွယ်၊ နာငါးပါး၊ နနွင်းခါး၊ တောရှောက်၊ မင်းကိုးခါ(မင်းကိုးဒါး) စသော ဆေးဘက်ဝင် အပင်များ ပေါက် ရောက် ပါသည်။
စိုက်ပျိုးရေး
ယင်းမာပင်မြို့နယ်တွင် စီမံကိန်း သီးနှံများ စိုက်ပျိုးထုန်လုပ်လျက် ရှိရာ မိုးရာသီ၌ မိုးကြိုစပါး စိုက်ပျိုးခြင်း၊ မိုးနှမ်း၊ မိုးပြောင်ဖူး၊ မြေပဲ၊ ၀ါကလေး၊ ပဲစိမ်းငုံ သီးနှံများ အဓိကထား၍ စိုက်ပျိုး ပြီး
မိုးလယ်ရာသီတွင် စပါး၊ ပဲတီစိမ်း နှင့် နှံစားပြောင်း သီးနှံများ၊ မိုးနှောင်းရာသီတွင် ထောပန်ပဲ၊ စွန်တာနီ၊ ငရုတ်သီးနှံများ၊ ဆောင်းရာသီတွင် နှမ်းကြီး၊ ဆောင်းမြေပဲ၊ ကြက်သွန်ဖြူ၊ အာလူး၊ ကုလားပဲ၊
ဂျုံ သီးနှံများ အဓိကထား၍ စိုက်ပျိုး ထုတ်လုပ်ပါသည်။
ယင်းမာပင်မြို့နယ်၏ စိုက်ပျိုးလုပ်ကိုင်နိုင်သည့် မြေဧကမှာ (၁၂၁၇၆၄) ဧက ဖြစ်ပြီး၊ သစ်တောမြေမှာ (၃၄၂၉၈) ဧက ဖြစ်ပါသည်။ ပလပ်မြေ စုစုပေါင်းမှာ (၁၅၇၃၆) ဧက ရှိ၍ စိုးပျိုး မရသည့် မြေ
စုစုပေါင်းမှာ (၄၀၉၈၂) ဧက ရှိပါသည်။
နောက်ဆုံးအပြောင်းအလဲလေးတွေ
ပညာရေး
အရင်တုန်းက ... မူကြိုကျောင်း (၁)ကျောင်း၊ အ.မ.က(၁) မူလ တန်းကျောင်း (၁)ကျောင်း နဲ့ အ.ထ.က(ယင်းမာပင်) အထက်တန်း ကျောင်း (၁)ကျောင်း ... ဒါပဲ ရှိတယ်။
၁၉၉၂ ခုနှစ် လောက်ကစပြီး အ.မ.က(၂) ဆိုတာ ထပ်ဖွင့်တယ်၊ နေရာက တော့ (ခ)ရပ်ကွက် ထဲမှာပဲ (အရင် စာတိုက်ဟောင်း နေရာပေါ့)။ ဒီတော့ (က)ရပ်ကွက်
(ကုလားတန်း လို့လည်း ခေါ်ကြတယ်) ဖက်က ကလေးတွေ အများဆုံး တက်ကြတယ်။ ၁၉၉၇ ခုနှစ် လောက်မှာ ဘုန်းတော်ကြီး စာသင်ကျောင်း (ဘ.က) ကို "ဇောတိက ကျောင်းတိုက်"
ထဲမှာ ဖွင့်လှစ်နိုင်ခဲ့တယ်။ ဒီကျောင်းက လေးတန်း အထိရှိပြီး ငွေကြေးနွမ်းပါးတဲ့ ကလေးတွေနဲ့ စာသင်သံဃာတော် တွေ အတွက် ရည်ရွယ် ပါတယ်။
ဒါကြောင့် ယင်းမာပင်မြို့ပေါ်မှာတင် မူကြိုကျောင်း (၁) ကျောင်း၊ ဘုန်းတော်ကြီးသင် စာသင်ကျောင်း (၁) ကျောင်း၊ မူလတန်း ကျောင်း (၂)ကျောင်း [အ.မ.က(၁) နှင့် အ.မ.က(၂)] နဲ့
အထက်တန်း ကျောင်း (၁)ကျောင်း ရှိလာတယ် ဆိုပါတော့ ...။
အဲဒီနောက်ပိုင်း ... တခြားကျောင်းတွေအနေနဲ့ ဘာမှ အပြောင်း အလဲ မရှိပေမယ့် မူလတန်းကျောင်း (၂) ကျောင်း ဖြစ်တဲ့ အ.မ.က(၁) နဲ့ အ.မ.က(၂) ကတော့ မူလတန်းလွန်ကျောင်း
တွေအဖြစ် ပြောင်းလဲတိုးတက် လာခဲ့ပါတယ်။ ( "မူလွန်ကျောင်း" ဆိုတဲ့ အခေါ်အဝေါ် က နည်းနည်းတော့ စိမ်းပါတယ်၊ ပြောရရင် တစ်နှစ်ကို တစ်တန်းစီ တိုးသွားတာမျိုးပါ။)
အ.မ.က(၁)အနေနဲ့ ခုဆိုရင် ( ) တန်းထိ တိုးတက်လာပြီး ၊ အ.မ.က(၂) ကတော့ (၇)တန်း ထိ ရောက်နေပါပြီ။
နောက်ပြီး ... ရွာသာရွာမှာ အလယ်တန်းကျောင်း တစ်ကျောင်းလည်း ရှိပါသေး တယ် (မူလတန်းကနေ ရှစ်တန်း အထိပေါ့)။ ဘယ်တုန်းက စဖွင့် ခဲ့လဲ ဆိုတာတော့ မမှတ်မိဘူး ဖြစ်နေပါတယ်။
စာသင်ကျောင်း မဟုတ်ပေမယ့် အမျိုးသမီးရေးရာ က ဖွင့်လှစ် ထားတဲ့ အမျိုးသမီး အိမ်တွင်းမှု ကျောင်းကို လည်း ထည့်တွက်မယ် ဆိုရင် ထည့်တွက်လို့ ရပါတယ်၊ ဒီကျောင်းကို ၂၀၀၅ လောက်က ဖွင့်လှစ် လိုက်တာပါ။
နေရာကတော့ အရင် စက်မှုလယ်ယာ ရုံးဝင်းရဲ့ မြောက်ဖက် ဆန်ဂိုဒေါင် ဟောင်းကြီး တွေ နေရာမှာပါ။
အခုလက်ရှိ ကျောင်းတွေနဲ့ ကျောင်းအုပ်ကြီးတွေရဲ့ အမည်စာရင်းတွေ ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် -
လက်ရှိ တာဝန်ထမ်းဆောင်နေသူများ ဖြစ်ပါသည်
ကျောင်းအမည်
ကျောင်းအုပ်အမည်
အ.ထ.က(ယင်းမာပင်)
ဦးဇော်ဝင်း (ယာယီ)
အ.မ.က(၁)
ဒေါ်အေးအေးမာ
အ.မ.က(၂)
ဒေါ်ဥမ္မာရွှေ
အ.လ.က(ရွာသာယာ)
9.9
ဘ.က
9.9
မူကြိုကျောင်း
မရှိ (ဆရာမ နှစ်ဦးသာရှိ)
အမျိုးသမီး အိမ်တွင်းမှုကျောင်း
ဒေါ်မြမြသင်း
၂၀၀၃ခုနှစ် နောက်ပိုင်း သိသိသာသာ ပြောင်းလဲသွားတာ တစ်ခု ကတော့ (၉)တန်း၊ (၁၀)တန်း ဘော်ဒါဆောင်တွေ တော်တော် ပေါလာတာ ပါပဲ။
(ခ-ရပ်ကွက် နဲ့ တိုးချဲ့ဖက်တွေမှာ အများဆုံး တွေ့ရ ပါတယ်။) မူလတန်း ကနေစပြီး ကျူရှင်တွေ၊ Guideတွေ ရှိလာပြီး ကလေးတိုင်းလိုလိုကလည်း
ကျောင်းနဲ့ ကျူရှင် မနားတမ်း ပြေးနေ ကြရတယ်။ ယင်းမာပင်မြို့ပေါ်ရှိ နာမည်ရှိတဲ့ ဘော်ဒါဆောင် အချို့ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-
ဘော်ဒါအမည်
အုပ်ချုပ်သူ
နေရာ
မြင့်မိုရ်
ဦးမြင့်သန်းဦး
ခ-ရပ်ကွက်(ပါတီရုံးဟောင်း)
EverGrade
ဦးမောင်မောင်ထွေး
ခ-ရပ်ကွက်
အောင်ထက်အောင်
ဦးသိန်းထီ
ခ-ရပ်ကွက်
ပညာမွန်
ဦးစိုးတင့်
ဂ-ရပ်ကွက်
ဂုဏ်ထူးဝေ
ဦးသန်းထွန်းဝင်း
ဂ-ရပ်ကွက်(တိုးချဲ့)
Excellent
ဦးမြလှိုင်
ဂ-ရပ်ကွက်(တိုးချဲ့)
ယောမင်းကြီး
ဦးဝင်းလှိုင်
ဂ-ရပ်ကွက်(တိုးချဲ့)
ငြိမ်းချမ်း
ဦးစန်းမောင်
ခ-ရပ်ကွက်(တိုးချဲ့)
ငွေစန္ဒာ
ဒေါ်ခင်နှင်းဖြူ
ခ-ရပ်ကွက်(တိုးချဲ့)
သရဖူ
ဦးသိန်းမင်းလှိုင်
ခ-ရပ်ကွက်(တိုးချဲ့)
Golden
ဦး -
က-ရပ်ကွက်
လူမှု့ရေး
ဝန်ထမ်းတွေ အများဆုံး နေထိုင်တဲ့ တောမကျ မြို့မကျ မြို့လေးမို့ ခေတ်နောက်ကျ မကျန်ခဲ့သလို ခေတ်ရှေ့လည်း ပြေး မနေပါဘူး။ မြို့သူ မြို့သား အချင်းချင်း လည်း သိနေကြတာမို့
တစ်ခါ တစ်ခါ ရွာလေးနဲ့ တောင် တူနေပါတယ်။
အရင်က လူမှုရေး ကိစ္စတွေ ပေါ်လာတိုင်း ၀ိုင်းဝန်း အကြံပေး ကူညီတတ် ကြပေမယ့် ခုနောက်ပိုင်းမှာ နည်းနည်း စိမ်းသွား တယ်လို့ ခံစား ရပါတယ်။ ခင်ရာခင်ကြောင်း တွေလောက်ပဲ
ရောက် လာ ကြတော့တယ်။ ဒါကလည်း နောက်တက်လာတဲ့ မျိုးဆက်သစ် လူငယ်တွေရဲ့ ခံယူချက် အပြောင်းအလဲကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင် ပါတယ်။
အဲဒီ နောက်တက် လူငယ်တွေဟာ ရှေးအစွဲ အချို့ကို လျော့ချခဲ ပါတယ်။ ဥပမာ- ဒီမြို့ ပေါ်မှာ တိုက်မဆောက် ရဘူး၊ ဆောက်ရင် ဘာဖြစ်တယ် ညာဖြစ်တယ် . . . တို့ ၊ အမေရေယာဉ် ရဲ့
နယ်မို့ လှေကို "လှေ" လို့ မပြောရဘူး... "ခေါင်း" လို့ ပြောရမယ် တို့ ၊ ဒီမြို့နယ် သား ဖြစ်ရင် တစ်နှစ် တစ်ခါ အမေရေယာဉ် နတ်နန်း ဆီလာပြီး ရေစင် ဆက်ရမယ် တို့ ..... ။
ဒါပေမယ့် ... ရန်ကုန်မှာ နေတယ်၊ နိုင်ငံခြား သွားတယ် ဆိုတာနဲ့ ရမ်းစမ်းပြီး အထင်ကြီး ပစ်တတ်ကြတဲ့ အစွဲလေးတွေ တော့ ရှိဆဲ ပါပဲ။
စီးပွားရေး
ဝန်ထမ်းမြို့လေးဆိုတော့ စီးပွားရေးကို ဒီလောက်ကြီး အားစိုက် ခွန်စိုက် လုပ်ကြတဲ့သူတွေ မရှိလှပါဘူး။
ယင်းမာပင်ကနေ ညောင်ပင်ကြီးအထိ ပြေးဆွဲပေးနေတဲ့ "ရွှေယင်းမာ ကားလေး အသင်း"ဟာ
အခုနောက်ပိုင်း လုံးဝပျက်သလောက် ဖြစ်သွား တယ်။ ပုလဲမြို့နယ်ကားအသင်းတွေက ပုလဲကနေ မန္တလေးအထိ မှန်လုံ ကားတွေနဲ့ တိုက်ရိုက်ပြေးဆွဲ လိုက်တာကြောင့် ဘယ်လိုမှ မယှဉ် နိုင်ဘူး ဖြစ်ကုန်တယ်။
ဒါကြောင့် ကားပိုင်ရှင်တွေလည်း ကုန်တင် ကားတွေဖက် ဦးလှည့်တဲ့သူ လှည့်၊ မှန်လုံကားတွေ ထပ်ဝယ်တဲ့သူ ၀ယ် ဖြစ်ကုန်တယ်။
၂၀၀၄ခုနှစ် လောက်ကစပြီး ဓာတ်ဆီဆိုင်တွေကို အရှေ့ဖက် မြို့အ၀င် မှာ စနစ်တကျ ဖွင့်လှစ်နိုင်ခဲ့တယ်။ ( ဆိုင်ကယ်တွေကို အိမ်တိုင်းနီးပါး ၀ယ်နိုင် လာကြတာရဲ့ အကျိုးဆက်တစ်ခုပေါ့။ အဲဒါရဲ့ နောက်ဆက်တွဲ တစ်ခုက ဆိုင်ကယ်ဝပ်ရှော့တွေပါ ပေါ်လာ တာပါပဲ။)
အရင်က မန္တလေးနဲ့ မုံရွာကုတ် လိုင်းဖုန်းတွေကို သုံးနေရာ ကနေ GSMဖုန်းဆိုင်တွေ ပေါ်လာတယ်။ (အခုဆို ပြည်ပခေါ်ဆို မှု့တွေ အထိ လွယ်သွားပြီ။)
နှစ်ပေ၊ ရှစ်ပေစလောင်းတွေကိုလည်း အိမ်တွေ အတော် များများ မှာ ၀ယ်တပ်လာကြတယ်။
နောက်... ရေခဲသေတ္တာ၊ မီးအား မြင့်စက်၊ မီးစက်၊ အင်ဗာတာ တွေကိုလည်း သုံးစွဲလာကြတယ်။ လူနေမှု့ အဆင့်အတန်း အနည်းငယ် မြင့်တက်လာတဲ့ ပုံစံမျိုးပါ။
နှင်းဆီပန်းကို အဓိကထား စိုက်ပျိုးကြတဲ့ စိုက်ပျိုးရေးခြံ တွေကို အခု နောက်ပိုင်းမှာ လုပ်ကိုင် လာကြတယ်။ နောက် - - - ရေထွက် သိပ်မကောင်းတဲ့ ရေကန်တွေမှာ ငါးမွေးတာကိုလည်း လုပ်ကိုင် လာကြတယ်။
အခြား ကြက်မွေးမြူရေးတို့ ၊ ကွမ်းစိုက် တာတို့ လည်း လုပ်နေကြဆဲ ပါပဲ။
နောက် ... သိသိသာသာ တိုးလာတာကတော့ လက်ဖက် ရည်ဆိုင် တွေ နဲ့ စိုက်ပျိုးရေးဆေးပစ္စည်းဆိုင် တွေပါပဲ။ ဒီဂျစ်တယ် ဓါတ်ပုံဆိုင်၊ ကွန်ပျူတာ စာစီနဲ့ မိတ္တူဆိုင်တွေပါ တွေ့လာ ရပါပြီ။
ဘာသာရေး
ယခင်က ဇောတိကကျောင်း၊ ရေ၀န်းကျောင်း၊ မာန်ဘရာ ကျောင်း၊ သီးပင်ကျောင်း ဆိုပြီး ဘုန်းကြီးကျောင်း (၄) ကျောင်းပဲ မြို့ပေါ်မှာ ရှိခဲ့တယ်။ ဦးစံပေါကျောင်း နဲ့
မိုးကုတ်ဝိပါဿနာကျောင်း တွေကို ထည့်မတွက်ဘူး ဆိုရင်ပေါ့ ---။
နောက်ပိုင်းမှာ ဦးစံပေါကျောင်းကို "တောရကျောင်း"လို့ အမည် ပြောင်းပြီး မယ်သီလရင် ကျောင်းတစ်ခုကိုပါ အဲဒီနားမှာ ထပ်ပြီး တည်ဆောက်ခဲ့ ပါတယ်။
မိုးကုတ် ၀ိပဿနာ ကျောင်းတိုက် ကတော့ သံတံတားကြီး အနောက်ဖက်ကနေ အရှေ့တိုးချဲ့ဖက် ကို ရွေ့သွားခဲ့ပါတယ်။
ထပ်ပြီးပေါ်လာတဲ့ ဘုန်းကြီးကျောင်းကတော့ "ရွှေပေါက်ပင် တောရ ကျောင်းတိုက်" ပါပဲ။ (နေရာက မြို့အ၀င် ပေါက်ပင်ကူး တံတား အရှေ့ဖက်နားလေး မှာပါ။) ဒီကျောင်းတိုက်ကို ယခင်
"ဇောတိက ကျောင်းတိုက်" ကျောင်းထိုင်ဆရာတော် ဦးဌေးယျ ကပဲ တည်ထောင် သွားခဲ့တာပါ။ အဲဒီကျောင်းနဲ့ မျက်နှာချင်းဆိုင် လမ်းတစ်ဖက် မှာတော့ မယ်သီလရင် ကျောင်းတိုက်
တစ်ခု ထပ်ရှိပါသေးတယ်(နေရာ အတိအကျ ဆိုရင်တော့ ပေါက်ပင်ကူး မြို့ဦးစေတီနဲ့ ကပ်ရက်ပေါ့)။
ဒါကြောင့် ယင်းမာပင်မြို့ပေါ်မှာတင် မယ်သီလရင် ကျောင်းတိုက် (၂)ခု ရှိနေပြီ ဖြစ်ပါတယ်။ မြို့ပေါ်ကျေးရွာ နဲ့ ပြောင်းပြာကျေးရွာ ကြားမှာတော့ နောက်ထပ် မယ်သီလရင် ကျောင်းတိုက် တစ်ခု ရှိပါသေးတယ်။
မြို့နယ်တွင်းမှာလို့ ပြောရင်တော့ မယ်သီလရင် ကျောင်းတိုက် (၃)တိုက် ရှိသွားပြီ လို့ ပြောနိုင်ပါတယ်။
အခြားဘာသာဝင်များ အနေနဲ့ က-ရပ်ကွက်(ကုလားတန်း) ဘက်မှာ တော့ အစ္စလမ်ဘာသာ ဘုရားဝတ်ပြုကျောင်း (ဗလီ) တစ်ခု ရှိပါတယ်။ ဂ-ရပ်ကွက်(တိုးချဲ့) ဖက်မှာလည်း သာသနာ ပြုနေတဲ့ ခရစ်ယာန်
သာသနာပြုအဖွဲ့ တစ်ဖွဲ့ ရှိပါတယ်။

![Mail to Ðaywalker[soul]:](mydaywalker_files/SENDEMAIL.gif)

































