လမ်းနှစ်သွယ်
Saturday, November 1, 2008
မုံရွာမြို့ကနေ ယင်းမာပင်မြို့ကို သွားရောက်ဖို့ လမ်းနှစ်လမ်းကို အသုံးပြုနိုင်ပါတယ်။
(၁) ပထမလမ်းကတော့ ချင်းတွင်းမြစ်ကို ဇက်ကူးတို့ နဲ့ ဖြတ်ပြီး သွားတဲ့လမ်းပါ။ ကားကြီး၊ ကားငယ်တွေ အတွက် ကူးပေးနေတဲ့ဇက်တွေ ရှိသလို လူတွေနဲ့ စက်ဘီး၊ဆိုင်ကယ် တွေအတွက် အသွားအပြန် ကူးပေးနေတဲ့ စက်လှေတွေလည်း ရှိပါတယ်။ မုံရွာမြို့ကနေ ဇက်ကူးတို့နဲ့ ချင်းတွင်းမြစ်ကို ဖြတ်ကူးလိုက်ရင် ညောင်ပင်ကြီး ဆိပ်ကမ်းကို ရောက်ရှိသွားပါမယ်၊ အဲဒီမှာ ဈေးတန်း တစ်ခုနဲ့ အတူ ကားဂိတ်တစ်ခု ရှိနေပါလိမ့်မယ်။ "ဘယ်သွားမှာလဲ၊ ညာသွားမှာလဲ" ဆိုပြီး ကားသမားတွေက ဝိုင်းမေးပါလိမ့်မယ်၊ ယင်းမာပင် သွားချင်တယ်လို့သာ ပြောလိုက်ပါ ။ အဆင်ပြေမယ့် ကားတစ်စီးဆီ ခေါ်သွားပါလိမ့်မယ်။
(၂) ဒုတိယလမ်းကတော့ ယခုနောက်ပိုင်းမှ ဖွင့်လှစ်ခဲ့သော ကလေးဝ-ယာကြီး-မင်းဒေါင့်-မုံရွာ ကားလမ်းဖြင့် ချင်းတွင်းတံတား(မုံရွာ) ကို အသုံးပြုပြီး သွားတဲ့ လမ်းဖြစ်ပါတယ်။ ချင်းတွင်းတံတားကို မြန်မာအင်ဂျင်နီယာ များကိုယ်တိုင် ဒီဇိုင်းဆွဲပြီး တည်ဆောက်ခဲ့တာ ဖြစ်ပြီး တံတားတည်ဆောက်ရေးအတွက် အမေရိကန်ဒေါ်လာ (၅.၈၀၆) မီလီယန် [ မြန်မာကျပ်ငွေ (၄၂၉၂.၄) မီလီယန် ] ကုန်ကျခဲ့ပါတယ်။ တံတားကနေပြီး မုံရွာ- ယာကြီး- ကလေးဝ (၁၁၅မိုင်) ကားလမ်းကိုပါ ဆက်လက်ဖောက်လုပ်ခဲ့ပါတယ်။ ပင်မတံတားရဲ့အရှည်ဟာ (၂၇၄၅)ပေ ရှိပြီး ချည်းကပ်တံတား အရှည်ဟာ (၁၉၈၄) ပေ ရှိသည့်အတွက် တံတားရဲ့ စုစုပေါင်း အရှည် ကတော့ (၄၇၃၀.၂)ပေ ရှည်ပါတယ်။ တံတားရဲ့ အကျယ်ကတော့ (၂၈)ပေ ရှိပါတယ်။ ရေလွတ်အကျယ်ဟာ (၃၀၅)ပေ ကျယ်ပြီး အမြင့် ကတော့ (၄၀) ပေ ရှိပါတယ်။
တံတားဟာ သံကူကွန်ကရစ်အမျိုးအစား တံတားဖြဟ်ပါတယ်တံတားကို ၂၀၀၀ ခုနှစ်ဒီဇင်ဘာလ ၉ ရက်နေ့မှာ စတင် တည်ဆောက်ပြီး ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မှာ ဆောက်လုပ် ပြီးစီး ခဲ့ပါတယ်။ ချင်းတွင်းတံတား(မုံရွာ) ကိုဖြတ်ပြီးသွားရတဲ့ လမ်းဟာ မူလ ညောင်ပင်ကြီး - ယင်းမာပင် လမ်းထက်စာရင် အနည်းငယ် ပိုမိုရှည်လျားပါတယ်။ ဒါပေမယ့် တစ်ဆက်တည်း တန်းသွားနိုင်သောကြောင့် အဝေးပြေး ကားများအတွက် အဆင်ပြေသော လမ်းတစ်ခု ဖြစ်ပါတယ်။ တကယ်လို့ ညောင်ပင်ကြီး ကနေ လာရင်တော့ လမ်းတိုပေမယ့် ချင်းတွင်းမြစ်ကို ဇက်ကူးတို့ နဲ့ ဖြတ်ရမှာ ဖြစ်လို့ ခရီးထောင့်ပါတယ်။
Ref:http://tamarmyay.co.cc (တမာမြေ)
Labels: yinmarbin, ယင်းမာပင်, လမ်းများ
| Permalink | Comments
| links to this post
![]()
စုံလား၊ မလား...မြို့လေးရေ..
Thursday, October 30, 2008
မထင်မှတ်ဘဲ အဘိုး ဆုံးပြီလို့ အိမ်က ဖုန်းဆက် ပါတယ်။ ဒါနဲ့ ရုံးသွားပြီး ခွင့် တင်တော့ တစ်ရက်ပဲ ပေးတယ်၊ ကံကောင်းတာက ခွင့်ရက် သောကြာ နောက်မှာ စနေ၊ တနင်္ဂနွေ ခံသွား တာပဲ။ ဒါနဲ့ ကားလက်မှတ် ဖြတ်ပြီး ယင်းမာပင် ကို အမြန် ပြန်သွား ဖြစ်တယ်။ အိမ်က မုံရွာ ကားဂိတ်ထိ ဆိုင်ကယ် နဲ့ လာကြိုနေလို့ စနေနေ့ မနက် (9:30) မှာပဲ ရောက်သွား ပါတယ်။ အဲဒီနေ့ နေ့လည် မှာပဲ အဘိုး အလောင်းကို ဂူသွင်းဖို့ စီစဉ်ထား တာပါ။
အဲဒီလိုနဲ့ အိမ်ရှေ့မှာ ထိုင်နေချိန် ... အဘိုး ဆုံးပြီး နောက်မှ ဆုံးတဲ့ အသုဘအိမ် ကနေ လက်ဖက်ထုတ် လေးကို ငှက်ပျောဖက် နဲ့ ထုတ်ပြီး လာပေးပါတယ်။ ကျွန်တော်လည်း ပထမ တော့ နားမလည် ပါဘူး၊ "ဘာလဲဗျ၊ ဒီ လက်ဖက်ထုပ်က ဘာလုပ် ရမှာလဲ" လို့ ပြန်မေးမှ လာပေးတဲ့ သူက ရှင်းပြ ပါတယ်။ "သူအစ်ကို က အဘိုး နောက်မှ ဆုံးတာတဲ့၊ ဒါကြောင့်မို့ အဘိုးထက် အရင် အသုဘချ ရပါတယ် ။ တကယ်လို့ အဲလို စောပြီး မချနိုင်ရင် အခုလို အရင်ဆုံးသူ ရဲ့ ခေါင်းထဲမှာ လက်ဖက်ထုပ်လေး ထည့်ပေးပြီး သွားနှင့်ခိုင်းတဲ့ သဘောပါ တဲ့ ။ ပြောရရင် သေမယ့် လူတွေ စုံပါပြီပေါ့ဗျာ၊ အရင်ဆုံး တဲ့ သူက အရင်ချ၊ နောက်မှဆုံး တဲ့ သူက နောက်မှချ ဆိုရင် (၁) ပြီး (၂) လာသလို အစဉ်အတိုင်း ဖြစ်ပြီး ဆက်သေနေမှာ စိုးလို့ ပြောင်းပြန် ချရတာ တဲ့ ။ ကျွန်တော် မသိတဲ့ မြို့ကလေး ရဲ့ အစွဲ တစ်ခုပါ။
ဒီလိုနဲ့ ၀ယ်စရာ တစ်ချို့ ရှိလို့ ဈေးသွားဝယ် တော့လည်း ထူခြားတဲ့ အစွဲ တစ်ချို့ကို ထပ်တွေရ ပြန်ပါတယ်။ ကျွန်တော်က ပစ္စည်း တစ်ခု ၀ယ်ပါတယ်။ ဒါပေမယ့် ဆိုင်ရှင်က နှစ်ခု ပေးပါတယ်။ "မဟုတ်ဘူး ... ကျွန်တော် ၀ယ်တာ တစ်ခုပါ" ...လို့ ပြောတော့ "မင်းက ဘယ်သူ့ မြေး မဟုတ်လား၊ အသုဘအိမ်က လာဝယ် တာမို့ `စုံ´ ဂဏန်း ဖြစ်အောင် တစ်ခု ပိုပေး တာပါ" တဲ့။ ဒီတစ်ခါ တော့ ကျွန်တော် အလိုလို သိလို ပါပြီ။
ဒါနဲ့ နောက်တစ်ဆိုင် မှာ ထပ်ဝယ်တော့ အလကား တစ်ခု အပိုပေး နေမှာ အားနာလို့ နှစ်ခု ၀ယ်လိုက် ပါတယ်။ ဒီတစ်ခါလည်း တစ်ခု အပို ပေးနေ ပြန်ပါတယ်။ "မဟုတ်ဘူး၊ သုံးခု ဖြစ်နေပြီ ... ကျွန်တော် ၀ယ်တာ နှစ်ခု" လို့ ပြောတော့ "သိပါတယ် တဲ့၊ အသုဘ အိမ်က လာဝယ်တာမို့ `မ´ ဂဏန်း ဖြစ်အောင် တစ်ခု အပို ပေးတာ" လို့ ပြောပါတယ်။ မဟုတ်သေး ပါဘူး ... လူရော မျက်စိပါ လည်ချင် သွားပါတယ်။ ဒါနဲ့ ဘာအဓိပ္ပါယ် နဲ့ `မ´ ဂဏန်း ဖြစ်ရတာလဲ လို့ မေးလိုက်တော့ "နောက်ထပ် ဆုံးမယ့် သူ `မ´ ရှိတော့ဘူး" ဆိုတဲ့ အဓိပ္ပါယ် တဲ့။ စုံရော၊မရော အစွဲအလမ်း တစ်ခုက ပုံစံ နှစ်ခု ထွက်နေတဲ့ မြို့လေး ပါလား... ။
စကားချပ် - ဒီပို့စ်လေးကို ကျွန်တော့် အဘိုးဆုံးခြင်း နှစ်ပတ်လည် အမှတ်တရ အဖြစ် ရေးသားထားခြင်း ဖြစ်ပြီး ယခုမှသာ တင်ဖြစ်ခြင်း ဖြစ်ပါတယ်။
With deepest respects ,
Daywalker
Labels: yinmarbin, ယင်းမာပင်, အယူအဆ
| Permalink | Comments
| links to this post
![]()
ယင်းမာပင် နှစ်ခု
Monday, September 29, 2008
မြန်မာနိုင်ငံအတွင်းမှာ ယင်းမာပင်ဆိုတဲ့ နာမည်တူနဲ့ မြို့နှစ်မြို့ ရှိပါတယ်၊ တစ်မြို့ကတော့ ကျွန်တော်ရဲ့ ဇာတိမြို့ ဖြစ်တဲ့ အညာက ယင်းမာပင်မြို့လေးပါ။
ယင်းမာပင်မြို့၊ ယင်းမာပင်မြို့နယ်၊ မုံရွာခရိုင် ၊ စစ်ကိုင်းတိုင်း။
ယင်းမာပင်ကို သွားဖို့ တစ်လမ်းပဲ ရှိပါတယ်၊ ရန်ကုန် - မန္တလေး - မုံရွာ လမ်းပါ။ ယင်းမာပင်မြို့ဟာ မုံရွာမြို့ အနောက်ဖက် ချင်းတွင်းမြစ် တစ်ဖက်ကမ်း ကနေ (၁၇) မိုင်ခန့် ဆက်သွားရပါတယ်။ မုံရွာမြို့ ကနေ ယင်းမာပင်ကို သွားဖို့ ဆိုရင်တော့ ချင်းတွင်းမြစ်ကို ဇက်ကူးတို့နဲ့ ဖြတ်ပြီး ညောင်ပင်ကြီး ဆိပ်ကမ်းကနေ တဆင့် သွားတဲ့လမ်းနဲ့ ချင်းတွင်းတံတားကနေ ဖြတ်ပြီး သွားတဲ့လမ်းဆိုပြီး လမ်းနှစ်ခု ရှိပါတယ်။ အညာမြို့လေး ဖြစ်တဲ့အတွက် ရာသီဥတုဟာ ခြောက်သွေ့ပါတယ်၊ အခြား အညာဒေသ တွေထက်စာရင် ရေပေါတယ်လို့ ပြောနိုင်ပါတယ်။
ယင်းမာပင်မြို့ ၊ ရှမ်းပြည်နယ် ။
နောက်တစ်မြို့ ကတော့ ရှမ်းပြည်နယ် (တောင်ပိုင်း) ကို သွားတဲ့ လမ်းပေါ်မှာ ရှိတဲ့ မြို့ပါ။ ရှမ်းပြည်နယ် (တောင်ပိုင်း) ကို သွားဖို့ လမ်း (၃) လမ်း ရှိပါတယ် - ပထမ (၁) လမ်းက ရေဆင်း-ပင်လောင်း လမ်း ဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီ့လမ်းကို ပိတ် ထားပါတယ်။ ဒုတိယ လမ်းကတော့ ပျော်ဘွယ်-ယင်းမာပင် လမ်း ဖြစ်ပါတယ်။ ဒီလမ်းကတော့ ဖြတ်လမ်းပါ။ တတိယလမ်း ဖြစ်တဲ့ သာစည်-ကလော လမ်းကို ပေါက်ပြီး တောင်ကြီးကို တိုက်ရိုက် သွားလို့ရပါတယ်။ အရင်တုန်းကတော့ ကလော နဲ့ တောင်ကြီးကို သွားဖို့ တစ်ခုတည်းသော လမ်းဟာ သာစည် - ကလော လမ်း ဖြစ်ပါတယ်။ အခု ဒုတိယ လမ်းကတော့ ပရံကစု မှာ သာစည်က လာတဲ့ လမ်းနဲ့ သွားဆုံပါတယ်။ ရှမ်းပြည်နယ် ယင်းမာပင်မြို့ရဲ့ ရာသီဥတုဟာ အညာက ယင်းမာပင်မြို့နဲ့ ဆန်ကျင်ဘက်ပါ၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ထဲကို ဝင်သွားတဲ့ အတွက် အေးပါတယ်။
| Permalink | Comments
| links to this post
![]()
ဂုဏ်ယူပါတယ်၊ ယင်းမာပင်. . .
Friday, September 5, 2008

၂၀၀၇-၂၀၀၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ယင်းမာပင် မြို့နယ်ရှိ ကျောင်းသား ကျောင်းသူများအား ပညာရည်ချွန် ဆုပေးပွဲ အခမ်းအနားကို စက်တင်ဘာလ ၂ရက်၊ နံက် (၉)နာရီ တွင် ယင်းမာပင်မြို့နယ် အခြေခံပညာ အထက်တန်း ကျောင်းခန်းမ၌ ကျင်းပခဲ့ ပါတယ်။
အဲဒီ အခမ်းအနားသို့ တိုင်း၊ ခရိုင်နဲ့ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှု့ရေး အသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ ကျောင်းအုပ်ကြီးများ နှင့် ဆရာ၊ ဆရာမများ၊ ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများ နဲ့ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ ကြပါတယ်။
အခမ်းအနားသို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြင်စိုး နှင့် ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်း တို့ တက်ရောက်၍ အမှာစကား ပြောကြားခဲ့ပါတယ်။ အဲဒီနောက် တိုင်းမှူး နှင့် ဝန်ကြီး တို့မှ ထူးချွန်ဆုရ ကျောင်းသား ကျောင်းသူများနှင့် ထူးချွန်စွာ အောင်မြင်အောင် သင်ကြား ပေးခဲ့သော အခြေခံပညာ အထက်တန်းကျောင်း (၆)ကျောင်း တို့မှ ကျောင်းအုပ်ကြီးများ နှင့် မူလတန်းပြ၊ အလယ်တန်းပြ၊ အထက်တန်းပြ ဆရာ ဆရာမ (၂၂၄) ဦးကို ဂုဏ်ပြုဆုငွေ နှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ် ချီးမြင့်ခဲ့ပါတယ်။

ပုံ - "ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းမှ ငါးဘာသာ ဂုဏ်ထူးရ ကျောင်းသားတစ်ဦးအား ဂုဏ်ပြုဆုငွေ နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြင့်စဉ်"
အဲဒီနောက်မှာတော့ ယင်းမာပင်မြို့နယ် ပညာရေးမှူး ဦးစိုးတင့်အောင်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ ပါတယ်။ အခမ်းအနားအပြီးမှာ တိုင်းမှူးနှင့် ဝန်ကြီးတို့သည် အခမ်းအနားသို့ တက်ရောက်သူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ ကြကြောင်း သိရှိရပါတယ်။
ယင်းမာပင်မြို့နယ်မှ ၂၀၀၇-၂၀၀၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့တဲ့ ကျောင်းသား ကျောင်းသူ အရေအတွက်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် -
တစ်ဘာသာဂုဏ်ထူးရှင် - (၁၉) ဦး
နှစ်ဘာသာဂုဏ်ထူးရှင် - (၆) ဦး
သုံးဘာသာဂုဏ်ထူးရှင် - (၃) ဦး
လေးဘာသာဂုဏ်ထူးရှင် - (၁) ဦး
ငါးဘာသာဂုဏ်ထူးရှင် - (၂) ဦး
ဂုဏ်ထူးရှင် စုစုပေါင်း - (၃၁) ဦး
ယင်းမာပင်မြို့ ကလေးရဲ့ အနာဂတ် မျိုးဆက်သစ် ညီငယ်၊ ညီမငယ်များ ဒီထက် ပိုမို ထွန်းလင်းတောက်ပ နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေး လိုက်ရပါတယ်။ ညီငယ်၊ ညီမငယ်များရဲ့ ထူးချွန်မှု့များကို ကြားသိရတဲ့ နောင်တော် ကျောင်းသား/သူ ဟောင်းများလည်း ဂုဏ်ယူ ဝမ်းမြောက်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်. . . .။
Ref:"ကြေးမုံသတင်းစာ [ 5-9-08 ]"
Labels: yinmarbin, ယင်းမာပင်, သတင်း
| Permalink | Comments
| links to this post
![]()
Yinmarbin in Wiki
Sunday, August 24, 2008
ဒီနေ့တော်တော် ဝမ်းသာ ကျေနပ်မိပါတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ယင်းမာပင်ဆိုတာကို အင်တာနက်မှာ ရှာတွေ့လို့ ဝမ်းပမ်းတသာ လာပြောပေးကြတဲ့သူတွေ ရှိလာလို့ပါ။ ဘာပဲဖြစ်ဖြစ်ပါ ....ကျွန်တော့် ဒီစာမျက်နှာလေးကို လူမသိတောင် အတတ်နိုင်ဆုံး၊ အကောင်းဆုံး ကြိုးစားရေးသွားမှာပါ။ ဒီစာမျက်နှာကို နောင်မှာ တစ်ခုခု အသုံးဝင်နိုင်တဲ့ အဆင်ထိ မရောက်တောင် ကိုယ့်မြို့လေးကို အင်တာနက်မှာ ရှာတွေ့ရတဲ့ ခံစားမှု့လေးကို ကျွန်တော် အရမ်း နှစ်ခြိုက်ပါတယ်။ အားလုံးလည်း ၀ိုင်းဝန်း အကြံပေးဆွေးနွေး နိုင်ပါတယ်။
ခုလောလောဆယ် မှာ ကျွန်တော်ကိုယ်တိုင်လည်း Thesisတွေ အတွက် အလုပ်ရှုပ်နေလို့ သိပ်မရေးဖြစ်တာပါ၊ နောက် သမိုင်းကြောင်း အကိုးအကား တွေလည်း စုစောင်းနေပါတယ်။ ဘလော့ဆိုပြီး လွယ်လွယ်ကူကူ ချရေးလိုက်တာမျိုးကို ကျွန်တော် မလုပ်ချင်ပါ။ ယင်းမာပင်နဲ့ ပတ်သက်ပြီး စာအုပ်စာတမ်းများ ရှိပါက ကျွန်တော့်အီးမေးလ်ဆီကို ပို့ပေးစေလိုပါတယ်၊

မြန်မာဝီကီ မှာလည်း ယင်းမာပင်မြို့ နဲ့ ယင်းမာပင်မြို့နယ် အကြောင်းကို ကျွန်တော် သွားရောက် ရေးသား ထားပါတယ်၊
အသေးစိတ် ထပ်မံ ဖြည့်စွက်ချင်သူများ အနေနေနဲ့ ဒီမှာ သွားပြီး ရေးသားနိုင်ပါတယ်။
ဒီနေရာမှာ ဝီကီပီဒိယ ဆိုတာကို အနည်းငယ် ပြောချင်ပါတယ်။ အကြောင်းအရာ အားလုံးကို ဝီကီမှာ ရှာလို့ရတယ် ဆိုတာလောက်တော့ အားလုံး သိပြီးသား ဖြစ်မှာပါ။ ဒါပေမယ့် အဒီအကြောင်းအရာ တွေကို ဘယ်သူတွေက ရေးသားခဲ့လဲ ဆိုရင်တော့ အသုံးပြု ရှာဖွေသူတွေ ကိုယ်တိုင် ရေးသားခဲ့ကြတာ ဖြစ်ပါတယ်။ (ဥပမာ-ပြောရရင် ကျွန်တော်က ယင်းမာပင်မြို့နယ်အကြောင်းကို အဲဒီမှာရေးထားပါတယ်၊ ဝင်ရှာတဲ့သူက အဲဒီလို ရေးသားထားတာကို တွေ့ပါတယ်၊ နောက် သူသိတဲ့ ယင်းမာပင်မြို့နယ်ထဲက ရွာသာယာကျေးရွာ အကြောင်းကို ထပ်ဖြည့်စွက် သွားပါတယ်။ အဲဒီလိုရေးသားဖို့ လူတိုင်းကို ခွင့်ပြုပါတယ်၊ Register လုပ်သည် ဖြစ်စေ၊ မလုပ်သည် ဖြစ်စေ ဝင်ရောက်ရေးသားနိုင် ပါတယ်။)
အဲဒီလို ရေးသားကြရာကနေ အကြောင်းအရာ အချက်အလက်တို့ စုံလင်ပြည့်စုံ လာပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ခုမှစတာမို့ အကြောင်း အရာတွေ အများကြီး ဖြည့်စွက်ရေးသားကြဖို့ လိုအပ်နေပါ သေးတယ်။ ယင်းမာပင်ဆိုတဲ့ အကြောင်းအရာမှ မဟုတ်ပါဘူး၊ အခြား ကိုယ်ကျွမ်းကျင်တတ်သိရာ အကြောင်းအရာ များကိုလည်း ရေးသားနိုင်ပါတယ်။
ကျွန်တော့်ရဲ့ အိမ်နီချင်းမြို့နယ်တွေ ဖြစ်တဲ့ ပုလဲမြို့နယ်၊ ကနီမြို့နယ် နဲ့ ဆားလင်းကြီးမြို့နယ်က သူငယ်ချင်းများ ခင်ဗျား ....၊ မိမိတို့ရဲ့ မြို့နယ်များ အကြောင်းကို ရေးသားပေးကြပါ၊ အဲဒီစာမျက်နှာတွေဟာ ခုထက်ထိ ဘယ်သူမှ မရေးကြသေးလို့ ကွပ်လပ်တွေ ဖြစ်ကျန်နေပါတယ်။ ဒီမှာ သွားရေးပေး ကြပါခင်ဗျာ ......ပုလဲမြို့နယ် [ ရေးရန် ] ၊ ဆားလင်းကြီးမြို့နယ် [ ရေးရန် ] ၊ ကနီမြို့နယ် [ ရေးရန် ] ။ လာရောက် ဖတ်ရှု့ပေးတဲ့သူတွေ အားလုံးကို ကျေးဇူး အထူး တင်ရှိပါတယ် . . . .
ဖြည့်စွက် [25-8-08]: မြန်မာဝီကီမှာ ရေးသားဖို့ ဘာမှ စိုးရိမ်းကြောင့်ကြ ဖြစ်စရာ မရှိကြောင်းပါ။ ကျွန်တော်လည်း ပထမ သူ့ Flow ကို မသိဘဲ ဒီဘလော့မှာ ရေးတဲ့ ပုံစံအတိုင်း စကားပြောဟန် စွက်နေတဲ့ အရေးအသားမျိုးနဲ့ ဝင်ရေးမိပါတယ်။ ကျွန်တော် ရေးလိုက်တာက ယင်းမာပင်မြို့အကြောင်း တစ်ခုတည်းသာ ဖြစ်ပါတယ်၊ ဒါပေမယ့် အဲဒီကနေ ဆင့်ပွားပြီး ယင်းမာပင် မြို့နယ်ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ အခြား ကနီမြို့နယ်၊ ဆားလင်းကြီးမြို့နယ်၊ ပုလဲမြို့နယ် ဆိုတာတွေ ထပ်ပေါ်လာအောင် သူတို့က ပြင်ဆင်ပေးလိုက်တာ ဖြစ်ပါတယ်။ အတတ်နိုင်ဆုံး ကိုယ့်ဘာသာကိုယ် လုပ်တာကတော့ အကောင်းဆုံးပါ။ ဒါပေမယ့် ကိုယ်မလုပ်တတ်လို့ အလွဲအချော် တစ်ခုခု ရှိခဲ့ရင်တောင် အားလုံးက ပြင်ဆင်ပေးသွားမှာ ဖြစ်ပါတယ်။ ဘာမှ စိတ်ပူမနေပါနဲ့၊ ရဲရဲကြီးသာ ဝင်ရေးလိုက်ပါ။ (ကိုယ်ရဲ့ အကောင်းဆုံး ကြိုးစားမှု့တော့ ဖြစ်ပါစေ)
| Permalink | Comments
| links to this post
![]()
ကစားဖော်ကစားဖက်တွေ
Thursday, August 21, 2008
လူအများစုက အညာနဲ့ပတ်သက်လာရင် အညာနဲ့ထနောင်းဆိုပြီး တွဲသိကြတာများပါတယ်၊ အပူပိုင်း ဒေသဆိုတော့ ထနောင်းလို ဆူးပါတဲ့အပင်မျိုးတွေပဲ ပေါက်လိမ့်မယ်လို့ ထင်မယ်ဆိုလည်း ထင်ချင်စရာပါပဲ။ ချွင်းချက်တော့ ရှိပါတယ်၊ ဆူးမပါပေမယ့် အညာမှာ ရှင်သန်နေနိုင်တဲ့ အပင်အချို့တော့ ရှိပါတယ်။ ပြောရရင် ထနောင်းပင်တွေ ထက်ကို ပိုများပါလိမ့်မယ်။ အဲဒါကတော့ တမာနဲ့ မန်ကျည်း ပင်တွေပါပဲ။
တခြား အညာဒေသတွေမှာတော့ ဘယ်လိုရှိလဲ မပြောတတ်ဘူး၊ ယင်းမာပင်မြို့နယ် တစ်ဝိုက်မှာတော့ တမာပင်တွေက အများဆုံးပါ၊ နောက်... မာန်ကျည်းပင်တွေပေါ့။ တမာပင်တွေ အကြောင်းတော့ ခဏ ထားလိုက်ပါဦး...
မာန်ကျည်းပင်တွေနဲ့ ပတ်သက်ပြီး " နွေ ထနောင်း၊ ဆောင်း မန်ကျည်း " ဆိုတဲ့ အညာဆိုးရိုး တစ်ခု ရှိတယ်ဗျ။ အဓိပ္ပါယ်က "နွေမှာဆို ထနောင်းပင်ရိပ်က အေးစေတယ်၊ ဆောင်းမှာဆို မန်ကျည်းပင်ရိပ်က နွေးစေတယ်" တဲ့ ။ ကျွန်တော့် အဘွားကတော့ မန်ကျည်းပင်ကို အိမ်အမြင့်ထက် ဘယ်တော့မှ အကျော်မခံဘူး၊ အမြဲခုတ်ပစ်တာ ချည်းပဲ ... ။ မန်ကျည်းဆိုတာ "မာန်ကြီးတဲ့ အပင်"တဲ့၊ ဒါကြောင့် အိမ်ထက်ကျော်အောင် မြင့်သွားရင် အိမ်ခိုက်တတ်တယ် လို့လည်း အမြဲပြောလေ့ ရှိတယ်။
အိမ်ခိုက်တယ်ဆိုတာ ဟုတ်၊မဟုတ်တော့ သေချာမသိဘူး၊ ဒါပေမယ့် သေချာတာကတော့ မန်ကျည်း ပင်က အိမ်ထက်ကျော်သွားရင် အိမ်အမိုးပျက်ဖို့ ရာခိုင်နှုန်း ပိုများလာတာပဲ။ မန်ကျည်းရွက်ကြွေ တွေက အိမ်မိုးပေါ်ကျပြီး မိုးရွာလည်း ရေနဲ့ အောက်ဆင်း မသွား တော့ဘူး (မန်ကျည်းရွက်တွေက သေးတာကြောင့်လည်း ပါလိမ့်မယ်) ။ ဒါနဲ့ တဖြည်းဖြည်းနဲ့ အမိုးက ဆွေးလာရော ၊ အိမ်မိုးက သွပ်မိုးဆိုရင်တော့ တော်သေးတယ်၊ ဒါပေမယ့် ကြာရင် သူလည်း သံချေးတက်လာတာပါပဲ...။
မန်ကျည်းပင်နဲ့ ပတ်သက်တာ ပြန်တွေးကြည့်ရင် ငယ်ငယ်တုန်းက သူ့အရိပ်အောက်မှာပဲ နွေရာသီ ကျောင်းပိတ်ရက်တွေ ကုန်သွားတာ များတယ်။ ခုတော့ ငယ်ငယ်တုန်းက ဆော့ခဲ့တဲ့ မန်ကျည်းပင် ကြီးတွေ မရှိတော့ပါဘူး...၊ အိမ်တွေ ဖြစ်ကုန်ကြပြီ။ "နွေ ထနောင်း၊ ဆောင်း မာန်ကျည်း" လို့သာ ပြောတာ မာန်ကျည်းပင်ရိပ်ကလည်း အေးတော့ အေးတာပါပဲ။ ကလေးဘ၀နဲ့ မန်ကျည်းပင်တွေ နဲ့က ကစားဖော် ကစားဖက်ဗျ ...။ မန်ကျည်းသီး ခူးတယ်၊ မန်ကျည်းရွက် ခူးတယ်၊ မန်ကျည်းခေါက် ၀ါးတယ်၊ မန်ကျည်းစေ့ တောက်တယ်။ တူတူပုန်းတမ်း ကစားတယ်၊ ကုန်းနဲ့ ရေ ကစားတယ်။ အား.... လွမ်းစရာချည်းပဲ ......
မန်ကျည်း
/ magyi: / n tamarind tree. Tamarindus [Per tamar-i-Hindi]
မန်ကျည်း ပနီ
/ magji: pani / n variety of temarind tree having red-tinged flowers,leaves and bark.
မန်ကျည်းပင်မှာမှ အမျိုးမျိုး ရှိသေးတယ်ဗျ၊ ကျွန်တော် သိသလောက်တော့ အနီ (မန်ကျည်းနီ) ဆိုတာ ရှိတယ်။ ဒီအပင်က ပုံပမ်းကြည့်ရင် သိပ်မသိသာလှဘူး၊ အပွင့်ပွင့်တဲ့ အချိန်နဲ့ ရွက်နုထွက်ချိန်မှ သိသာတာ၊ သူက အနီရောင်လေးတွေ ပိုများတယ်။ သာမာန် အပင်တွေက အ၀ါရောင်နဲ့ ပန်းရောင်ပြေးလေးတွေပဲ ထွက်တာ...။
နောက်တစ်မျိုးက အချိုနဲ့ အချဉ် လို့ ကျွန်တော်တို့ ကတော့ ခွဲတယ်ဗျ၊ မာန်ကျည်း အချိုပင်က အချဉ်ဓာတ် နည်းတယ်၊ ဒီတော့ ချိုသလိုလိုလေး ဖြစ်နေတယ်။ အချဉ်ပင်ကတော့ တစ်ကိုက်နဲ့တင် မျက်နှာတစ်ခုလုံး ရှုံးတွလာစေတဲ့ အမျိုးဗျ....။ ငယ်ငယ်တုန်းက မန်ကျည်းပင်ပေါ် တက်ခူးတဲ့ ကောင်က အချဉ်သီးတွေ ဖွက်ယူပြီး တက်သွားတတ်တယ်၊ ပြီး.... ဆင်းလာရင် အချိုဆိုပြီး လိမ်ကျွေးရော .... ဟား ... ဟား ... သတိရလို့ပါဗျာ....။
မန်ကျည်း ကြက်ဆူ
/ magji: kje' hsu/ n nearly ripe tamarind fruit.
နောက်ထပ် အခေါ်တစ်မျိုး ရှိသေးတယ်ဗျ၊ " ကြက်ဆူသီး " တဲ့။ မန်ကျည်းသီးကိုမှ မှည့်လည်း မမှည့်သေးဘူး၊ စိမ်းလည်း မစိမ်းတော့ဘူး ဆိုတဲ့ အနေအထား ရောက်နေတဲ့ အသီးကို ခေါ်တာပါ။ အဲဒါက စားလို့လည်းကောင်းတယ်ဗျ၊ ပြီးတော့ မန်ကျည်းသီး အခွံနဲ့ အသားကြားမှာ နည်းနည်းလေး ကွာနေလို့ အခွံခွာရတာလည်း လွယ်တယ်။
မန်ကျည်းရွက်နုလေးတွေ ထွက်လာရင် ဒီအတိုင်းခူးပြီး ဆားနဲ့ တို့စားတယ်။ နောက် လူကြီးတွေလို ကွမ်းယာစားတယ် ဆိုပြီး မန်ကျည်း ကိုင်းဖျား နားလေးက အခေါက်ကို ခွာပြီး စားရင်လည်း စားကြတယ်၊ သူက နည်းနည်းဖန်ပြီး ထွေးထုတ်လိုက်ရင် ကွမ်းယာလို အနီရောင် ထွက်တယ်။
လူကြီးတွေမသိအောင် အပင်ပေါ်တက်ပြီး တူတူပုန်းတမ်း ကစားရ တာလည်း ပျော်စရာပဲ .....။ ဘာဖြစ်လို့လည်းတော့ မသိဘူး၊ တစ်ယောက်မှာတော့ ပြုတ်မကျခဲ့ ကြဘူး။ အဲဒီလို အဆော့ကောင်းလို့လည်း ဆော်ပလော်တီးခံရတာလည်း မနည်းဘူး...။ အား.... ဒါတွေက ခုတော့လည်း ပြန်ပြောရင် ရီစရာလိုလို ..... ကြည်နူးစရာလိုလို.... လွမ်းစရာလိုလို .....
အရင်တစ်ခေါက် အိမ်ပြန်တော့ အိမ်နားက မန်ကျည်းပင်ကို မော့ကြည့်မိတယ်၊ နွေက အရင်ထက် ပိုပူလာလို့ပဲလား ...၊ မိုးကပဲ ပိုနည်းလာတာလား ....၊ ခုတ်စရာတောင် မလိုတော့ဘူး ဖြစ်နေတယ်။
အင်း...၊ အညာကပဲ ပိုပီပြင်လာတာလား ....
ကမ္ဘာကြီး ကပဲ ပိုပြီး ပူနွေးလာတာလား ...
အဘွားရဲ့ "မာန်ကြီးတဲ့ အပင်တွေ" ကိုယ်တိုင်ကိုက မာန်လျော့ ကုန်ကြတာလား ...
အော်... ငယ်ငယ်တုန်းက ကစားဖော် ကစားဖက်တွေ .....
Labels: ယင်းမာပင်, သဘာဝသစ်ပင်များ
| Permalink | Comments
| links to this post
![]()
Yinmarbin in GoogleMap
Saturday, August 9, 2008
ယင်းမာပင်ပုံတွေ တင်နေတာထက် Google Map မှာပဲ တိုက်ရိုက်လင့်ထုတ် တင်လိုက်တာက ပိုကောင်းမယ် ထင်လို့ တင်လိုက်တာပါ၊ ဆိုဒ်လေးပြီး တက်လာတာ ကြာသွားရင် ခွင့်လွှတ်ပေးကြပါ...။
View Larger Map
| Permalink | Comments
| links to this post
![]()
Yinmarbin Photos
Sunday, July 27, 2008


ဒီပုံလေးတွေကတော့ ကျွန်တော် စုထားတဲ့ ယင်းမာပင် မြို့ လေးရဲ့  ရှု့ခင်း အချို့ ပါ။ ဒီအောက်က Satellite မြေပုံလေးတွေ ကတာ့ "ဒုက္ခာဦး" ပို့ပေး ထားတာ လေးတွေပါ။ အဲ....တစ်ခု ကြုံလို့ ပြောပါရစေ၊ အခု ဒီအောက်က SatelliteMap တွေထဲမှာ "ယင်းမာပင်"(yinmarbin)ကို "ယင်းမပင်"(yinmabin) လို့ * -ာ* ရေးချ အသံဖျောက်ပြီးစာလုံးပေါင်း ရေးထား တယ်ဗျ။ အဲဒါ အမှားကြီးပါဗျာ... အသံထွက် မှားရာ ကနေ အခုတော့ တစ်ကမ္ဘာလုံး "ယင်းမပင်" လို့ ခေါ်ကုန် ကြပြီးလား မသိတော့ ပါဘူး။ မတတ်နိုင်ဘူးလေ.... ၊ မြန်မာ့အသံ နဲ့ မြ၀တီ ကပါ "ယင်းမပင်" လုပ်နေတော့ လည်း ....အဲလိုပဲ ဖြစ်ရတော့ မှာ ပေါ့ ။ (


ယင်းမာပင်မြို့နဲ့ ပတ်သက်ပြီး ကျွန်တော်မှာ စုထားတဲ့ ပုံတွေနဲ့ GoogleMap ကနေ PrintScreen ဖမ်းပြီး ပို့ပေးတဲ့ "ဒုက္ခာဦး" ရဲ့ ယင်းမာပင် Satellite Maps တွေကို Flickr.com မှာ မူရင်း Resoluton အတိုင်း ပေါင်းပြီး တင်ပေးထား ပါတယ်။ သွားရောက် ကြည့်ရှုနိုင် ကြပါတယ်၊ အလိုရှိ ပါကလည်း ရယူနိုင်ပါတယ်။ အခု ဒီမှာ ပြထားတဲ့ ပုံတွေကိုတော့ Resoluton ချပြီး ပုံသေးတွေ အနေနဲ့ပဲ တင်ထား တာပါ။
Click Here To See and Get
Labels: photo, yinmarbin, ယင်းမာပင်
| Permalink | Comments
| links to this post
![]()
မြို့ကလေးရဲ့ မြကန်သာ
Sunday, July 6, 2008
ယင်းမာပင်မြို့ရဲ့ မြို့ဝင်ရှု့ခင်းထက် မြို့ထွက်ရှု့ခင်းက ပိုပြီးဆွဲဆောင်အား ကောင်းပါတယ်။ အခုနောက်ပိုင်း ဖွင့်လှစ်လိုက်တဲ့ အမျိုးသမီးအိမ်တွင်းမှု့ ကျောင်းကလည်း မြို့အထွက် နားမှာ ဆိုတော့ လှပြီးသား မြို့ထွက် ရှု့ခင်းလေးနဲ့ ပိုပြီး ပနံရသွား သလိုပါပဲ။ ( ဒီကျောင်း နေရာက အရင် စက်မှု့လယ်ယာ ရုံးဝင်းရဲ့ မြောက်ဖက် ဆန်ဂိုဒေါင် ဟောင်းကြီးတွေ နေရာ မှာပါ.... )
ထို အိမ်တွင်းမှု့ကျောင်းနဲ့တစ်ဆက်တည်း မြို့အထွက်ဖက် လမ်းဘယ်ညာမှာ ယိမ်းထိုးကွေ့ကောက် နေတဲ့ တမာပင်တန်းလေးဟာ ကြည့်လို့ အလွန်လှတဲ့ နေရာလေး ဖြစ်နေပါတယ်။ ဒါ.... ယင်းမာပင်လို့ ပြောရမယ့် နေရာလေးလည်း ဖြစ်နိုင်ပါတယ်... (ကျွန်တော့် အမြင်ပါ....) ။ ပြီးတော့ နောင်တစ်ချိန်မှာ အဲဒီ ပတ်ဝန်းကျင် နေရာလေးဟာ စည်ကားမှု့ အတန်အသင့် ရှိလာနိုင်ပါတယ်။
အဲဒီနေရာလေးကနေ မြောက်ဖက် (မြို့အထွက် ဖက်) ကို ဆက်သွားလိုက်မယ် ဆိုရင် ယင်းမာပင်မြို့ထွက် ဆိုင်းဘုတ်လေးကို တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီ ဆိုင်းဘုတ်လေး ကနေ အရှေ့ဖက် (ဘယ်ဖက်) ကို ကွေ့လိုက်မယ် ဆိုရင် R.1 ဆိုတဲ့ ရေကန်ဆီ သွားရာ ယူကလစ်ပင်တွေ ဘယ်ညာ တန်းစီ စိုက်ပျိုးထားတဲ့ မြေနီလမ်းလေးကို တွေ့ရမှာပါ။ R.1 ရေကန်ဟာ ယင်းမာပင် မြို့နယ်ရှိ (၉၉)ကန် လို့ ခေါ်တဲ့ ရေကန်တွေ အားလုံးထဲမှာ ဟစ်အဖြစ်ဆုံး ရေကန်လို့ ပြောနိုင်ပါတယ်။ ယင်းမာပင် မြို့ကို လာရောက် လည်ပတ်တဲ့ ဧည့်သည်တွေကို လိုက်ပို့လေ့ ရှိတဲ့ နေရာတွေ ထဲက တစ်ခုပေါ့ ...... ။
R.1 ရေကန်ဆီသွားရာ မြေနီလမ်းနဲ့ ဘေးဘယ်ညာက ယူကလစ်ပင်တန်းတွေဟာ မြင်ရသူတိုင်းကို ဆွဲဆောင်စည်းရုံးဖို့ အမြဲ အသင့် ရှိနေတတ်ပါတယ်။ ဖြူဖွေးနေတဲ့ ပင်စည်နဲ့ ယူကလစ်ပင် ရှည်ရှည်တွေဟာ တစ်ခုခုကို သတိရစေ သလိုပါပဲ ... ။
တကယ်လို့ သင်ကိုယ်တိုင် အဲဒီမြေနီလမ်းလေးပေါ်မှာ ဖြတ်လျှောက်ဖြစ်ခဲ့မယ် ဆိုရင်တော့ ယူကလစ် ပင်စည်တွေ ပေါ်က ကွန်ပါဒေါက်/ဓါး တို့နဲ့ ရေးခြစ်ထားတဲ့ ခံစားချက် စာတန်းအချို့ကို သတိပြုမိ သွားပါလိမ့်မယ်။ တစ်ချို့ကျောင်းသား စုံတွဲ၊ ချစ်သူတွေ အတွက် ဒီနေရာလေးဟာ ဆုံမှတ် ဖြစ်ခဲ့ကြပြီး ဒီနေရာလေးမှာပဲ လမ်းခွဲခဲ့ ကြရပုံပေါ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ "ယူကလစ်စာ" တွေက သက်သေ ပြနေလို့ ပါပဲ။ (တက္ကသိုလ် ကျောင်းတွေမှာ သစ်ပုတ်ပင်ကြီး ကို အသိသက်သေ ထားပြီး ကွန်ပါဒေါက်/ဓါး တွေနဲ့ ပင်စည်ပေါ်မှာ စာရေးကြ သလိုပေါ့)။
ကျွန်တော်ကတော့ အိမ်တစ်ခေါက် ပြန်တိုင်း အဲဒီနေရာလေးကို အနည်းဆုံး တစ်ခေါက်တော့ ရောက်ဖြစ် ပါတယ်။ ဆယ်တန်း ကျောင်းသား/သူ တွေလို့ ခန့်မှန်းရတဲ့ "ယူကလစ်စာ" ရေးသူ တွေရဲ့ ဘ၀၊ အချစ်၊ ရည်မှန်းချက် စတဲ့ ခံစားချက် လေးတွေကို ယူကလစ် ပင်စည် တွေပေါ်မှာ လျှောက်ဖတ်ရတာ .... တစ်ခါတစ်လေ ရယ်စရာလိုလို ....၊ ချီးကျူးချင်စရာ လိုလို ...၊ လေးစားချင်စရာ လိုလို .... ပါပဲ ။
ဘာပဲ ဖြစ်ဖြစ်ပါ၊ R.1ရေကန်လေးဟာ "ပုဂံခေတ်ရဲ့ မြကန်သာ" မဟုတ်ပေမယ့်လည်း ယခုခေတ် "ယင်းမာပင် မြို့ကလေးရဲ့ မြကန်သာ" လေးပါ...။ အခွင့်သင့်ရင် အလည်လာခဲ့ ဖို့လည်း တစ်ခါတည်း ဖိတ်ခေါ် လိုက်ပါရစေဗျာ .... "ယူကလစ်စာ" တွေ ဖတ်ကြတာပေါ့ ..... ။
| Permalink | Comments
| links to this post
![]()
Yinmarbin Chat Room in Gtalk
Saturday, June 21, 2008
Gtalk ရဲ့ Feature တွေကို ကောင်းသထက် ကောင်းလာအောင် သူများတွေ လုပ်လာ နေကြတဲ့အထဲက ကိုယ် သဘောကျတာ လေးတွေ ယူသုံးရင်: ကျေနပ်နေရတဲ့ ဘ၀မှာလည်း .... အင်း နေတော့ နေပျော်ပါတယ်။
ကျွန်တော်တို့ရဲ့ ယင်းမာပင်မြို့ ကနေ ထွက်လာကြတဲ့ သူတွေ အချင်းချင်း ဘယ်လိုဆက်သွယ်လို့ ရမလဲလို့ ဟိုလျှောက်လုပ် ဒီလျှောက်လုပ်,လုပ်နေတာ ကြာသွားပြီ ၊ Python နဲ့ ရေးတဲ့ Conference bot [ Gtalk Chat-bot]
လည်း စမ်းဖူးပြီးသွားပြီ။ မရပါဘူး၊ ကိုယ်ကလည်း တော်တော် တုံးတာကိုး .... ။
ကျွန်တော်တို့မှာ သုံးစရာ အီးမေးလ် က သိပ်များများ စားစား မရှိလှပါဘူး၊ ဂျီမေးလ် ပဲ ရှိတာမို့လား ....။ ဒီတော့ ဂျီမေးလ် ကိုပဲ အခြေခံပြီး တွေ့ရ၊ ဆက်သွယ်ရ မှာပဲလေ ... ။ ဒါလေးကို ကျွန်တော်လည်း သိတာ သိပ်မကြာသေးဘူး .... ၊ Gtalk မှာ အုပ်စုလိုက် Chatting လုပ်လို့ ရနိုင်မယ့် Feature တစ်ခုပါ၊ ရိုးစင်းလွယ်ကူပါတယ်။
ဒီ Gtalk Group Chat ကို Google ၀န်ထမ်း တစ်ဦးဖြစ်တဲ့ Akshay Patil ဆိုသူက December 2005 မှာ စတင် ရေးသားခဲ့ခြင်းဖြစ်ပါတယ်။ တော်ပြီဗျာ... လိုရင်းကိုပဲ သွားရအောင် -
- ပထမဦးဆုံး အနေနဲ့ကတော့ gtalk မှာ partychat@gmail.com ကို မိမိသူငယ်ချင်းများကို chatting လုပ်ဖို့ ဖိတ်ကြားသလိုဘဲ Add လုပ်လိုက်ပါ။
- partychat ဟာ ချက်တင် ပြုလုပ်ဖို့အတွက် မီးအစိမ်းလေး လင်းလာပါလိမ့်မယ်။ [ တကယ်လို့ မီးအစိမ်းလေး လင်းမလာခဲ့ရင် partychat1 စသည့်ဖြင့် 1 မှ 9 အထိ ထပ်ပြီး Add ကြည့်ပါ။ ]
- မီးအစိမ်းလေး လင်းလာပြီးဆိုရင် ချက်ဖို့ အသင့်ဖြစ်နေပါပြီ။ Chat room ထဲကို ဆက်ဝင်ဖို့ တစ်ဆင့်ပဲ ကျန်ပါတော့မယ်။
ကိုယ် ၀င်ချင်တဲ့ Chat Room ကို ၀င်ဖို့ Room Name နဲ့ Password ကိုတော့ သိနေရမှာ ဖြစ်ပါတယ်။
Partychat@gmail.com ပေါ်မှာ ကလစ် တစ်ချက် နှိပ်လိုက်ပါ။ ပြီးရင် Chat Room ထဲဝင်ဖို့ အောက်ပါအတိုင်း ရိုက်လိုက်ပါ -
ကျွန်တော်တို့ ယင်းမာပင် Chat Room ကတော့ Room Name=Yinamarbintown နဲ့ Password = nativetown ဖြစ်ပြီး အောက်ပါအတိုင်း ရိုက်ရမှာ ဖြစ်ပါတယ် -
- /join RoomName Password
- ဒီစာကြောင်းမှာ /join ဟာ command ဖြစ်ပါတယ်။
- RoomName ကတော့ ကိုယ်ဝင်ချင်တဲ့ Chat-room ရဲ့ နာမည် ဖြစ်ပါတယ်။
- Password ကတော့ ကိုယ်ဝင်ချင်တဲ့ Chat-room ရဲ့ Password ဖြစ်ပါတယ်။
ကိုယ်ဝင်ချင်တဲ့ Chat Room ထဲကို ရောက်လာတဲ့ အခါမှာ အသုံးပြုရတဲ့ Command အချို့ကို ထပ်မံ ဖော်ပြချင်ပါသေးတယ်၊ ကျွန်တော် သိသလောက်လေးပါ ... ထပ်ပြီး ရှိကောင်း ရှိနိုင်ပါတယ်။
- /join Yinmarbintown nativetown
- ဒီစာကြောင်းမှာ /join ဟာ command ဖြစ်ပါတယ်။
- Yinmarbintown ကတော့ ယင်းမာပင်Chat-room ရဲ့ နာမည် ဖြစ်ပါတယ်။
- nativetown ကတော့ ယင်းမာပင်Chat-room ရဲ့ Password ဖြစ်ပါတယ်။
အောက်ပါအတိုင်း ဖြစ်ပါတယ် -
/join RoomName Password (Chat Room သို့ ၀င်ရောက်ရန်)
/alias Nickname (မိမိ နှစ်သက်သလို နာမည်ပြောင်းရန်)
/list (Chat Room ထဲတွင် ရောက်ရှိနေသည့် လူဦးရေ ကိုကြည့်ရှုရန်)
/whisper Name (မိမိပြောလိုသည့် တစ်ဦးတည်းသာ မြင်စေ၊ သိစေရန်)
/leave (Chat Room ထဲမှ ထွက်ခွာရန်)
Ref:http://kzy1980.myanmarbloggers.org/
Labels: yinmarbin, yinmarbin town, ယင်းမာပင်
| Permalink | Comments
| links to this post
![]()
ယင်းမာပင် သင်္ကြန်
Friday, March 28, 2008
ဘာလိုလိုနဲ့ သင်္ကြန်လည်း နီးလာပြန်ပြီဗျာ ... ၊ အိမ်ပြန်ရဦးမယ်။ အရင်နှစ် သင်္ကြန်တုန်းကတော့ မဏ္ဍပ်တွေ ဘာတွေနဲ့ "ယင်းမာပင်" က မိုက်နေတယ်။ ဒီနှစ်တော့ ရှိမလား မရှိဘူးလား မသိဘူး၊ ဘာပဲပြောပြော ကိုယ်မြို့လေးကိုတော့ ပြန်ရမှာပဲ... အခု ယင်းမာပင် ဥက္ကဋ္ဌ က လူငယ်လည်း လူငယ်၊ တက်လည်း တက်ကြွတယ်လေ၊ အတွင်းရေးမှူးကလည်း ဂီတ ၀ါသနာ ပါပုံ ရပါတယ်။ အောက်မှာ အရင်နှစ်သင်္ကြန်က ဓါတ်ပုံအချို့ကို ကြည့်နိုင်ပါတယ်-

ရပ်ကွက်အလိုက် သင်္ကြန်ယိမ်းအဖွဲ့များ ကပြဖျော်ဖြေရန် စောင့်ဆိုင်းနေစဉ် . . .

ကိုယ်တိုင် ဂီတာတီးပြီး သီချင်းဆိုနေတာကတော့ ယင်းမာပင်မြို့နယ် အတွင်းရေးမှူး ဖြစ်ပါတယ်။





ဒီပုံလေးကတော့ သင်္ကြန်အကြိုနေ့ ဖွင့်ပွဲ အခမ်းအနား ဖြစ်ပါတယ်။
Labels: ယင်းမာပင်, သင်္ကြန်, ပျော်ပွဲရွှင်ပွဲများ
| Permalink | Comments
| links to this post
![]()
ယင်းမာင်ပင်လမ်းခွဲ
Sunday, March 2, 2008
..ညောင်ပင်ကြီးရွာမှ
ယင်းမာပင်သို့ ကားလမ်း
ရှိသည်။ယင်းမာပင်
လမ်းခွဲဟု ...
နာမည်ကြီး
ခဲ့သောကားလမ်း...
" ကျွန်ုပ်တို့ လိုက်ပါ စီးနင်းသည့် သလ္လာသတီ(၁) ရေယာဉ်မှာ မုံရွာ ဆိပ်ကမ်းမှ မနက် ၇-နာရီ တိတိတွင် စတင် ထွက်ခွာသည်။ ရေယာဉ် ဦးလှည့် သွားရာ အရှေ့ဘက် ကမ်းကို လှမ်းမျှော် ကြည့်ရာ ( အမှန်က အနောက် ဘက်ကမ်း ဖြစ်ပါသည်။ ဆရာ မောင်မိုးယံ မျက်စိလည် သွားခြင်း ဖြစ်လိမ့် မည်ဟု ထင်ပါသည်။) ညောင်ပင်ကြီး ရွာကို တွေ့ရ သည်။ ညောင်ပင်ကြီး ရွာသည် ဆားလင်းကြီး မြို့နယ်ပိုင် ဖြစ်ပြီး မုံရွာတစ်ဖက် ကမ်းတွင် တည်ရှိသည်။ ချင်းတွင်းမြစ်ကို စက်လှေဖြင့် ဖြတ်ကူး ကြသည်။ ကားများကို ဇက်ကားတို့ဖြင့် ("ဇက်ကူတို့" ဟု ကျွန်တော်တို့ နယ်ဖက်က အသံထွက် ပါသည်။) ကူးကြသည်။ ညောင်ပင်ကြီး ရွာကို "လက်ပဒေါင်း" တောင်က စိုးမိုးထားသယောင် မြင်နေ ရသည်။
ညောင်ပင်ကြီး ရွာမှ ယင်းမာပင်သို့ ကားလမ်း ရှိသည်။ ယင်းမာပင် လမ်းခွဲဟု နာမည်ကြီး ခဲ့သော ကားလမ်း သည် ယခင်ကပင် အောက်သို့ စုန်မောင်းလျှင် ဆားလင်းကြီး၊ ပုလဲ၊ ရေစကြို နှင့် ပခုက္ကူမြို့များသို့ ရောက် သည်။ ကားလမ်း ခရီးမှာ မချောသေး သော်လည်း ပခုက္ကူ အထိ လေးနာရီခန့် ကြာသည်ဟု သိရသည်။
ယင်းမာပင် လမ်းခွဲမှပင် အနောက် တည့်တည့်သို့ သွားလျှင် သစ်ထုတ် လုပ်ရေး ကားလမ်း အတိုင်း အလောင်း တော် ကဿဖဂူသို့ ရောက်သည်။ အလောင်းတော် ကဿဖ ဘုရားများ တည်ရှိရာကို သွားလိုစိတ်သည် ယခု တိုင် အကောင်အထည် မပေါ်သေးပါ။ ခက်ခဲသော တောလမ်းသည် တစ်ချိန်ကျလျှင် ဥဒဟို သွားလာနိုင်သော လမ်းမကြီး ဖြစ်လာနိုင် လိမ့်မည်။ အကြောင်းမှာ မြင်းမူ နှင့် ချောင်းဦးမှ လာသော ကားလမ်းသည် ချင်းတွင်း မြစ်ကူး ဆင်ဖြူရှင် တံတားကြီးကို ဖြတ်ကာ မအူ(အလယ်ရွာ) မှတဆင့် ဆားလင်းကြီး၊ ယင်းမာပင်သို့ အချိန်တို အတွင်း ရောက်နေပြီ ဖြစ်သော ကြောင့်တည်း။ ယင်းမာပင် လမ်းခွဲမှပင် ဂန့်ဂေါမြို့၊ ထိုမှ ချင်းပြည်နယ် မတူပီ၊ ဟားခါးမြို့ များသို့ သွား၍ရသလို ဆင်ဖြူရှင်တံတားကြီးကို ဖြတ်၍ မကွေးတိုင်း ရေစကြို၊ ပခုက္ကူ မှ မြိုင်၊ ထီးလင်း၊ ဂန့်ဂေါ နှင့် ချင်းပြည်နယ် သို့ သွားရောက် နိုင်ပြန်သည်။
ခုတော့ မုံရွာတစ်ဖက်ကမ်းသည် ညောင်ပင်ကြီးရွာမှ အသွားအလာနည်းပြီး ဆင်ဖြူရှင် တံတားကြီးကို အားကိုး သွားလာနေကြပြီ။ "
Labels: history, စာပေ, ယင်းမာပင်, သမိုင်း
| Permalink | Comments
| links to this post
![]()
အစပျိုးခြင်း
Monday, March 19, 2007
YINMARBINယင်းမာပင်မြို့ အကြောင်း ဘလော့ စရေးမယ် ဆိုတာနဲ့ အချက်အလက် အချို့အတွက် သေချာ အောင် ရှာဖွေ ပြီးမှ ကိုယ်တတ်နိုင်သလောက် တာဝန်ယူရေးမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ မြို့လေးရဲ့သမိုင်း အချက်အလက်များ၊ ဓါတ်ပုံများ ကို ကူညီ ရှာဖွေပေးခဲ့ သူတွေ နဲ့ ၀ိုင်းဝန်း အကြံပေးခဲ့ကြသော သူငယ်ချင်းများ အားလုံးကို ဒီနေရာကနေ ကျေးဇူးတင်ကြောင်း ပြောပါရစေ ... ။
ဒီ အစိမ်းရောင် မိုးကြိုးပစ်နေ တဲ့
Yinmarbin Logo™ ပုံလေး ကို Favicon ပုံလေးအဖြစ် ထားဖို့ အကြံပေးခဲ့ တာကတော့ သူငယ်ချင်း အလင်းနစ် ပါ။ လောလောဆယ် တော့ ဒီ Icon ပုံတွေကို တင်ဖို့ site ရှာမတွေ့သေးလို့ ဒီ ဘလော့ လေးမှာ Favicon လေး မပါသေး ပါဘူး။ နောက်မှ ပဲ ... ကျွန်တော် ကြိုးစား ပြီး ထည့်ကြည့် ပါ့မယ်။ ဒါပေမယ့် Icon ပုံ နေရာမှာ pngပုံ ထည့်ကြည့် တာတော့ off-line မှာ အဆင် ပြေတယ်၊Online မှာပါ အဆင်ပြေ ရင်တော့ ယင်းမာပင် ဘလော့ လေးမှာ Favicon ပုံလေး နဲ့ ဖြစ်လာမှာပါ။ မထင် မှတ်ဘဲ ကျွန်တော့် သူငယ်ချင်းတွေနဲ့ ယင်းမာအဖွဲ့လေးတစ်ခု ဖွဲ့ပြီး စာမျက်နှာလေးတစ်ခုကို ထပ်ရေးဖြစ် ပါတယ်။ ဒီ ယင်းမာပင်ဘလော့ လေးကတော့ သာမန် HTML Template ပေါ်မှာ ရေးထားတာပါ၊ ဒါကြောင့် တစ်ချို့ မလုပ်နိုင်တာလေးတွေ ရှိနေပါတယ်။
ဒီအတွက် ပြန်ပြီး အားဖြည့်ပေးတဲ့ စာမျက်နှာလေးပါ။ ကျွန်တော်တို့ ယင်းမာပင် မြို့လေးကို "ယင်းမာဘင်" လို့ အသံထွက် ပါတယ်၊ တခြားနယ် တွေကတော့ "ယင်းမဘင်" လို့ ထွက်တတ် ကြပါတယ်။ ( မြန်မာ့အသံ၊ မြ၀တီကပါ အဲလို အသံထွက်ပါတယ်။) အင်္ဂလိပ်လို ရေးတဲ့ အခါ Yinmarbin လို့ ရေးပါတယ်၊ ကျွန်တော့် သူငယ်ချင်း ဒုကာဦး က Yinn mar bin လို့ ရေးမှမှန်မယ်တဲ့၊ ထားပါ ... ဒါကြောင့်မို့လို့ ကျွန်တော်တို့ ယင်းမာအဖွဲ့(Yinmar Group) လေးရဲ့ စာမျက်နှာကို http://www.yinnmarbin.blogspot.com လို့ ယူထားပါတယ်။ အခုချိန်ထိ အသက်မ၀င်သေး ပါဘူး။
...ယင်းမာပင်
တဲ့
ပျော်ရွင်ဖွယ်
အိမ်မက်တို့ နှင့်
အဝေးရောက်
မြို့ကလေး...
Y
I
N
M
A
R
B
I
N
Town
A small town,Yinmarbin is situated in Monywa township,Monywa District, Sagaing division.
Most people are Goverment Servants.
I have lots of happy memories of my time in
YINMARBIN.
BY DayWalker
Labels: chalking, မှတ်စုတို, ယင်းမာပင်, အမှတ်တရ
| Permalink | Comments
| links to this post
![]()
ယင်းမာပင်မြို့နယ် မှတ်စုတို
တည်နေရာ
ယင်းမာပင်မြို့နယ်သည် စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် အတွင်း ချင်းတွင်းမြစ်၏ အနောက် ဘက် မြောက်လတ္တီကျု ၂၁ံ ၅၉' နှင့် ၂၂ံ ၁၉' အကြား၊ အရှေ့ လောင်ဂျီကျု ၉၃ံ၃၆' နှင့် ၉၅ံ ၁၅' အကြားတွင် တည်ရှိ၍၊ ရန်ကုန်မြို့၏ မြောက်ဘက် အနောက်ယွန်းယွန်း မိုင် (၄၀၀) အကွာတွင် တည်ရှိ ပါသည်။ ယင်းမာပင်မြို့နယ် ၏ အရှေ့ဘက်တွင် မုံရွာမြို့နယ် နှင့် ဆားလင်းကြီးမြို့နယ်၊ တောင်ဘက် တွင် ပုလဲမြို့နယ်နှင့် ကနီမြို့နယ်၊ မြောက်ဘက်တွင် ကနီမြို့နယ်တို့ ရှိကြပါသည်။
အကျယ်အ၀န်း
ယင်းမာပင် မြို့နယ်သည် ပင်လယ်ရေမျက် နှာပြင် အထက် ပေ (၄၀၀) တွင် ရှိပြီး ယေဘူယျ အားဖြင့် မြေပြင် ညီညာပြန့်ပြူး ပါသည်။ မြေပြန့်လွင်ပြင်မှာ ရာခိုင်နှုန်း (၄၈.၂၃%) ရှိပြီး စတုရန်းမိုင် အားဖြင့် (၁၇၄.၅၉) ရှိ၍ စတုရန်းမိုင် အားဖြင့် (၇၅.၈၂)၊ ဆင